သေဒဏ်ကျ ကလေးစစ်သား လွတ်မြောက်ရေး ILO ကို တင်ပြ
2011.01.07

မောင်ဖြိုးစည်သူဟာ အသက် ၁၄ နှစ်ထဲမှာ စစ်တပ်ထဲ ရောက်သွားပြီး၊ ရှေ့တန်းထွက်နေရတဲ့ အချိန်မှာ တပ်တွင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တဲ့အတွက် သေဒဏ် ချမှတ်ခံရထားရတာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မိခင်ဖြစ်တဲ့ ဒေါ်သန်းသန်းရီက RFA ကို အခုလိုပြောပါ တယ်။
“သူတို့ကို ချင်းပြည်နယ်မှာ ရှေ့တန်းထွက်နေရင်းနဲ့ တယောက် တယောက် ပစ်ရင်းခတ်ရင်းနဲ့ သုံး လေးယောက်လောက် ဖြစ်ကြတယ်တဲ့။ တယောက် တယောက် ပစ်ကြတယ်၊ သူတို့ တတပ်တည်းပေါ့လေ၊ တတပ်တည်း ပြဿနာ ဖြစ်ကြတာ။ ဟိုဖက်က သုံး လေးယောက်လောက် သေတယ်လို့ ပြောတယ်၊ ဒီဖက်ကလည်း သေပါတယ်ရှင့်။ ၂၀၀၄ ခုနှစ်မှာ အခင်းဖြစ်တယ်တဲ့။ အမိန့်ချတာက ၁၇ ရက် ၅ လ ၂၀၀၄ ခုနှစ်မှာ အမိန့်ချတယ်။”
မောင်ဖြိုးစည်သူကို ပုဒ်မ ၃၀၂ (၁-ခ) နဲ့ သေဒဏ် ချမှတ်ထားတာပါ။ သူဟာ အသက် ၁၄ နှစ်အရွယ် ၂၀၀၃ ခုနှစ်မှာ အိမ်က ထွက်သွားပြီး၊ ရန်ကုန်တိုင်း သာကေတမြို့နယ်က ဆိုက်ကားသမားတဦးက သူ့ကို စစ်သားစုဆောင်းရေးစခန်းကို ပို့လိုက်တာလို့ ဆိုပါတယ်။
စစ်သင်တန်းဆင်းပြီး မကြာခင် ၂၀၀၄ ခုနှစ်ထဲမှာ ချင်းပြည်နယ်ဖက်ကို ရှေ့တန်းထွက်ရချိန်မှာ အခုလို အမှုအခင်းဖြစ်ပြီး ထောင်ကျသွားတာပါ။ ဒါကြောင့် အသက်မပြည့်ခင် စစ်တပ်ထဲ ရောက်သွားလို့ ကလေးစစ်သားဖြစ်ခဲ့ရသလို၊ ကလေးဘဝမှာပဲ သေဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်အစိုးရ ၁၉၉၃ ခုနှစ်မှာ ပြဌာန်းထားတဲ့ ကလေးသူငယ်ဥပဒေ အပိုဒ် ၄၅ နဲ့ ၄၆ အရ မောင်ဖြိုးစည်သူ သေဒဏ်ကနေ လွတ်မြောက်ရေးအတွက် လိုက်လံဆောင်ရွက်ပေးနေတာလို့ ဥပဒေအကြံပေး ဦးရောဘတ် စန်းအောင်က ပြောပါတယ်။
မောင်ဖြိုးစည်သူကိစ္စနဲ့ ပတ်သက်လို့ မိခင် ဒေါ်သန်းသန်းရီကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |