အခွန်ငွေပိုရအောင် ကြိုးပမ်းဖို့ IMF အကြီးအကဲ တိုက်တွန်း


2014.01.21
imf-chief-305.jpg ရန်ကုန်မြို့ UMFCCI ရုံးမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ကကျင်းပတဲ့ IMF အကြီးအကဲ Mr. Matt Davies ရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

မြန်မာနိုင်ငံမှာ အစိုးရအသုံးစရိတ်တွေ တိုးချဲ့နိုင်ဖို့ ဆိုရင် အခွန်ငွေပိုမိုရရှိလာအောင် ကြိုးပမ်းသင့်တယ် လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲ Mr. Matt Davies  က ဒီနေ့ တိုက်တွန်းပြောကြား ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်း ရှင်များအသင်းချုပ် UMFCCI ရုံးမှာ ကျင်းပတဲ့ IMF အကြီးအကဲရဲ့ မြန်မာနိုင်ငံ လည်ပတ်လေ့လာမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ IMF အကြီးအကဲ Mr. Matt Davies  က အခုလို ပြောကြားခဲ့တာပါ။

"အစိုးရအနေနဲ့ ငွေကြေးဖေါင်းပွမှုဖိအား ကို လျှော့ချဖို့အတွက် ဘတ်ဂျက်လိုငွေတွေ ကို ငွေစက္ကူတွေ ရိုက်ထုတ်ဖြည့်ဆည်းတဲ့ အလေ့အထကို အမြန်ဆုံးလျှော့ချပေးဖို့ လိုအပ်ပါတယ်။ တိုင်းပြည် အခွန်ငွေရရှိမှုဟာ တိုးတက်လာတယ်လို့ဆိုနိုင်ပေမဲ့ အခွန်ဝင်ငွေနိမ့်နေဆဲဖြစ်ကြောင်း၊ အစိုးရအသုံးစားရိတ်တွေ တိုးချဲ့နိုင်ဖို့အတွက်ဆိုရင် အခွန်ငွေပိုများလာအောင် အခွန်ကောက်ခံမှုကို ပိုအားကောင်းလာအောင် ကြိုးပမ်းသင့်တယ်။”

IMF အကြီးအကဲနဲ့အဖွဲ့ဟာ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အစိုးရဗဟိုဘဏ်ဥက္ကဌ၊ ဘဏ္ဍာရေးဝန်ကြီး၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့အပြီး အခုလို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောကြားလိုက်တာပါ။

ဒါ့အပြင် အစိုးရရဲ့ နိုင်ငံတကာ အရန်ငွေစုဆောင်းနိုင်မှုဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ခန့်မှန်းထားတာထက် နည်းနေသေးတယ်လို့လည်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေ ခေတ်မီဖွံ့ဖြိုးတိုးတက်လာဖို့အတွက် လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု ပုံစံအတိုင်း နှစ်အတော်ကြာသွားရဦးမယ်လို့လည်း ဆိုပါတယ်။ လက်ရှိဘဏ်လုပ်ငန်း အခြေအနေဟာ အလျှင်အမြန် ပြောင်းလဲတိုးတက်နေပေမယ့် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေပြဌာန်းမှုအပိုင်းတွေမှာ ပိုကောင်းလာအောင် ကြိုးပမ်းရမှာဖြစ်သလို ဘဏ်လုပ်ငန်းကို စောင့်ကြည့်လေ့လာနိုင်တဲ့ နည်းပညာတွေလည်း တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့လည်း IMF အကြီးအကဲ Mr. Matt Davies က ထောက်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။