ထိုင်းရောက်မြန်မာအလုပ်သမားတွေ ဝင်ငွေခွန် နှစ် ရာခိုင်နှုန်းဆောင်ဖို့ မြန်မာသံရုံးကြေညာ
2023.12.13

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဝင်ငွေခွန် နှစ် ရာခိုင်နှုန်းပေးဆောင်ဖို့ စစ်ကောင်စီ ဘန်ကောက်မြန်မာသံရုံးက ဒီဇင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သား စတဲ့သူတွေဟာ လစဉ်ဝင်ငွေကို ဘတ် ၇၅၀၀ နှုန်း သတ်မှတ်ပြီး ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ဘတ် ၁၅၀ လစဉ် ပေးသွင်းရမယ်လို့ ဆိုပါတယ်။
ဘတ် ၁၅၀ အခွန်ပေးတာနဲ့ လစဉ် ဘတ် ၇၅၀၀ နဲ့ညီမျှတဲ့ မြန်မာငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိမှာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်ချိန်မှ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကား စတာတွေဝယ်ယူရာမှာ ဝင်ငွေခွန် လျှော့ပေါ့ပေးမယ်လို့ ရေးသားထားပါတယ်။
ထိုင်းနိုင်ငံရှိ ကုမ္ပဏီတွေ၊ ဆေးရုံတွေ၊ တက္ကသိုလ် ကောလိပ်တွေမှာ အလုပ်လုပ်နေတဲ့သူတွေ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတွေ၊ စက်ရုံ အလုပ်ရုံအင်ဂျင်နီယာတွေ စတဲ့သူတွေကတော့ ဝင်ငွေခွန်ကောက်ခံရာမှာ လစာဝင်ငွေအပေါ် အခွန် နှစ်ရာခိုင်နှုန်းတွက်ချက်ထားပေမဲ့ ထိုင်းနိုင်ငံမှာ အခွန်ဆောင်ထားရင်တော့ နုတ်ပြီး ကျန်တဲ့ငွေကိုပဲ ပေးသွင်းရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူတွေကို သတ်ဖို့ ကျည်ဖိုးရှာနေတာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားများကူညီပေးရေးအဖွဲ့ Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောပါတယ်။
"အကြမ်းဖက်စစ်အုပ်စုက ထုံးစံအတိုင်းပဲ သူတို့ဘဏ္ဍာငွေရှားပါးလာမှု၊ ဘတ်ဂျက်ရှားပါးလာမှုကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားတွေထံကနေ လိုချင်လာတာပေါ့။ ဒီသဘောပါပဲ။ ပြည်ပရောက် မြန်မာအလုပ်သမားတွေက တော်လှန်ရေးမှာ အများကြီးပါဝင်ကြတယ်။၊ တစ်ဖက်ကလည်း ဖိအားပေးရင်း သူတို့အတွက်လည်း နောက်ထပ်ကျည်ဖိုးထပ်ရှာတဲ့သဘောပေါ့၊ ကျွန်တော်တို့ ဒီအခွန်တွေသာ ပေးရမယ်ဆိုရင်တော့ ဒီကောင်တွေကို ပြည်သူတွေကိုသတ်ဖို့ ကျည်ဖိုးကို ကျွန်တော်တို့က ပေးရတာနဲ့အတူတူပဲ"
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ အလုပ်သမားသံအရာရှိချုပ် ဦးသူရိန်လင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ထိုင်းနိုင်ငံမှာ လက်ရှိမြန်မာရွှေ့ပြောင်းလုပ်သား ငါးသန်းဝန်းကျင်အထိ ရှိနေတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အလားတူ စစ်ကောင်စီ စင်ကာပူနိုင်ငံရှိ သံရုံးကလည်း ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းပေးဆောင်ဖို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် စင်ကာပူရှိမြန်မာသံရုံးမှာ ဝင်ငွေခွန်ဆောင်ပြီးကြောင်း ထောက်ခံစာ လာယူဖို့လိုအပ်မယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ဝင်ဘာလ ၂၂ ရက်နေ့က ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ရတဲ့လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကနေ စပြီး ဝင်ငွေခွန်ထမ်းဆောင်ရမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။