ရခိုင်ရိုးမနဲ့ဆက်နေတဲ့ ဧရာ၀တီတိုင်းက မြို့နယ်တွေမှာ လုံခြုံရေးတိုးမြှင့်ထား

RFA Burmese
2023.11.15
ရခိုင်ရိုးမနဲ့ဆက်နေတဲ့ ဧရာ၀တီတိုင်းက မြို့နယ်တွေမှာ လုံခြုံရေးတိုးမြှင့်ထား ရခိုင်ပြည်နယ်အတွင်းရှိ လမ်းတစ်နေရာကို တွေ့ရစဉ်။
MPA

ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ မြို့နယ်တွေမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်တာတွေလုပ်နေသလို စစ်ဆေးရေးဂိတ်တွေလည်း တိုးမြှင့်ထားတယ်လို့ ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်ထဲက သစ်တောကြိုးဝိုင်းနဲ့နီးစပ်တဲ့ ရွာတွေမှာ စစ်ကောင်စီတပ်ရင်း ခမရ (၁၀၈)၊ ခလရ (၃၆)၊ ခလရ (၅၁)နဲ့ ရေကြည်မြို့အခြေစိုက် အမြောက်တပ် အမတ (၃၄၄) တပ်တွေဟာ စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်တာနဲ့ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချတာတွေ လုပ်နေတာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က ရသေ့တောင်၊ မောင်တောနဲ့ မင်းပြားမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက အခုလိုတွေ လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်ဝင်တဲ့ ဂွမြို့နယ် စစ်ဆေးရေးဂိတ်နဲ့ ဧရာဝတီတိုင်းကိုဝင်တဲ့ ငသိုင်းချောင်းမြို့က ရေနံ့သာ စစ်ဆေးရေးဂိတ်တွေကတော့ လက်ရှိ ပိတ်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဓိက ပင်မစစ်ဆေးရေးဂိတ်တွေဆိုလို့ရှိရင် ရေနံ့သာဂိတ်ပေါ့ဗျာ။ ဟိုဘက်ဆိုရင်တော့ ရခိုင်ဂွထိပ်ပေါ့။ ဒီကြားထဲမှာလည်း စစ်ဆေးရေးဂိတ်တွေက ရှိသေးတယ်။ ဒါပေမဲ့ အရေးကြီးဂိတ်တွေကတော့ ကျွန်တော်တို့ ဒီဘက် ဧရာဝတီဘက်ကို ပြန်ဝင်မယ်ဆိုရင် ငသိုင်းချောင်းမှာရှိတဲ့ ရေနံ့သာဂိတ်က အဓိကပင်မပဲ။ သူက တအားစစ်တယ်။ ဟိုဘက် ရခိုင်ဘက်ကို ဝင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဂွမြို့မှာရှိတဲ့ စစ်ဆေးရေးဂိတ်က အရမ်းစစ်တယ်။ အခုလက်ရှိက လမ်းတွေပိတ်ထားပါတယ်"

ရခိုင်ပြည်နယ်စပ်က ရိုးမတောတစ်လျှောက်မှာ စစ်ဆေးရေးဂိတ်တွေအပြင် ကင်းပုန်းတွေပါရှိတာကြောင့် ရိုးမတောကို အမှီပြုနေရတဲ့ သစ်ဝါးခုတ်ဒေသခံတွေနဲ့ တောလိုက်မုဆိုးတွေ စားဝတ်နေရေး အခက်အခဲဖြစ်လာတယ်လို့ ဆိုပါတယ်။

ရေကြည်မြို့နယ် ဒေသခံတစ်ဦးကလည်း ရခိုင်ပြည်နယ် အဝင်အထွက်လမ်းတွေဖြစ်တဲ့ ငသိုင်းချောင်းနဲ့ ဂွမြို့နယ်တွေမှာ စစ်ကောင်စီတပ်က လမ်းတွေလည်းပိတ်ထားသလို လုံခြုံရေးကင်းတွေပါ လှည့်နေတယ်လို့ RFA ကို ပြောပါတယ်။

ဒီအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းနဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဧရာ၀တီတိုင်း စစ်ကောင်စီအဖွဲ့ကနေ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေကို နိုဝင်ဘာလ ၁၀ ရက်နေ့က ပို့တဲ့ ညွှန်ကြားစာမှာတော့ ရုံးဌာနတွေနဲ့ မြို့အဝင်အထွက် ဂိတ်တွေမှာ တိုက်ခိုက်ခံရမှုမရှိအောင် ကြပ်မတ်ဖို့၊ CCTV ကင်မရာတွေကို တပ်ဆင်ဖို့၊ တခြားနေရာတွေမှာဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ ဧရာဝတီတိုင်းကို မရောက်အောင် ကြိုတင်ကာကွယ်ဖို့ဆိုပြီး ထည့်သွင်းရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။