ဒေသခံတွေ တားဆီးမှုကြောင့် ဖမ်းမယ့်တောင်သူတွေ ကို ပြန်လွှတ်ပေး


2013.06.11

အင်းလေး ဟိုတယ်ဇုန်စီမံကိန်းတဝိုက်က အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့တဲ့ ကန်ပဲ့ကျေးရွာက တောင်သူ ၄ ဦးကို  ဇွန်လ ၉ ရက်နေ့ က ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့ဝင် ၅ဝ ကျော်က လာရောက်ဖမ်းဆီးချိန် ဒေသခံတွေက တားဆီးတာကြောင့် အဲဒီတောင်သူတွေကို မဖမ်းဘဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ထွန်တုံးတိုက်ပွဲဝင် တောင်သူတစ်ဦးဖြစ်တဲ့ ကိုခင်မောင်ဝင်းရဲ့ ဇနီးဖြစ်သူက အဖြစ်အပျက်ကို အခုလို ပြောပြပါတယ်။

"အိမ်ပေါ်ကနေ အတင်းဆွဲချပြီးတော့ မြေကြီးပေါ်ရောက်မှပဲ လက်ထိပ်ခတ်ပြီးတော့ ခေါ်သွားတာ၊ ကျွန်မယောကျ်ားတစ်ခုခုဖြစ်ရင် ကျွန်မတို့ပဲ ရင်ကျိုးရမယ်ဆိုပြီးတော့ ရွာသားတွေကို ကယ်ကြပါအုံး၊ ကူကြပါအုံး၊ ဖမ်းသွားပြီလို့ အော်တဲ့အခါကျတော့ ရွာသားတွေက အကုန်လုံးလိုက်လာကြတာ"

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်က အင်းလေး ဟိုတယ်ဇုန်စီမံကိန်းကြောင့် မြေသိမ်းခံထားရတဲ့ ကန်ပဲ့၊ အင်ကြင်းကုန်းနဲ့ ဝက်သားကင်ကျေးရွာတွေက ဒေသခံတောင်သူ ၁၅ဝ ကျော်ဟာ ကန်ပဲ့ကျေးရွာအရှေ့ဖက်က ယာမြေတွေကို ပထမဆုံးအကြိမ် ထွန်တုံးတိုက်ပွဲအဖြစ် ဝင်ရောက်စိုက်ပျိုးခဲ့ကြပါတယ်။

ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကြီးမြင့်ကတော့ ရွာသားတွေနဲ့ ထိပ်တိုက်မတွေ့ဆုံလိုတဲ့အတွက် ဖမ်းဆီးထားတဲ့ တောင်သူတွေကို ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"သူတို့က တားဆီးပြီးတော့ ပြန်ပြီးတော့ထုတ်သွားတာ၊ လူတွေ့ပြီးသား တစ်ရွာလုံးပြဿနာ ပြန်ရှာမှာပေါ့၊ ရွာနဲ့ ထိပ်တိုက်မတွေ့ချင်တဲ့အခါကျတော့ ထားခဲ့လိုက်တယ်၊ ဥပဒေအရဆိုရင်တော့ လုပ်လို့တော့ရတာပေါ့၊ ဒါပေမယ့် ရွာသားထိခိုက်မှာစိုးလို့ ရေရှည်ကိုတွေးလိုက်တာပေါ့"

ဟိုတယ်ဇုန်စီမံကိန်းကို ကန့်ကွက်ခဲ့တဲ့အတွက် ကလောမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ တောင်သူတွေအပါအဝင် ထွန်တုံးတိုက်ပွဲဝင်တောင်သူ ၈ ဦးကို ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးက ပုဒ်မ ၅ဝ၅(ခ)နဲ့ တရားလိုအဖြစ် တရားစွဲဆိုထားတာပြီး မြို့နယ်တရားသူကြီးအမိန့်နဲ့ ဖမ်းဝရမ်းထုတ်ထားတာဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁ ရက်က စတင်အကောင်အထည်ဖော်ခဲ့တဲ့ အင်းလေးဟိုတယ်ဇုန်စီမံကိန်းဟာ အကျယ်အဝန်း ၆၂၂ ဧကရှိပြီး ချောင်းပါး၊ ဝက်သားကင်၊ ညောင်ဝန်း၊ ဘုရားဖြူ၊ ကန်ပဲ့နဲ့ အင်ကြင်းကုန်း စတဲ့ ကျေးရွာတွေက လယ်ယာဥယျာဉ်ခြံမြေတွေ၊ ဘုန်းကြီးကျောင်း ၁၃ ကျောင်းပိုင် ထင်းစိုက်ခင်းတွေပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။