ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်း ပြန်လည်ကြားနာမည်


2018.07.30
amyothar-parliament-622 အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပစဉ်
Photo: MOI

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းကို ဝေဖန်ဆွေးနွေးခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၄ ဦးနဲ့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ ဥပဒေရေးရာကော်မတီဝင်တွေ မနက်ဖြန်တေ့ွဆုံပြီး ဥပဒေကြမ်းကို ပြန်လည်ကြားနာဖို့ အမျိုးသားလွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၂ က လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်က ဥပဒေကြမ်းရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးခဲ့တာကို အခုလို ပြောပါတယ်။

"ပါမောက္ခချုပ်ဆိုတာ တက္ကသိုလ်ရဲ့ အကြီးအကဲပေါ့လေ။ နောက်တစ်ခါ ဒုတိယပါမောက္ခချုပ် သူကလည်း ပညာရေးနဲ့ သက်ဆိုင်တဲ့ ပါမောက္ခချုပ်ပေါ့လေ။ ဒုတိယပါမောက္ခချုပ်နဲ့ ပါမောက္ခချုပ်ရဲ့ ဂုဏ်အင်္ဂါတွေထဲမှာ ကျန်တဲ့အချက်တွေပါပေမယ့် သူက အင်္ဂလိပ်လိုကျွမ်းကျင်ရမယ့်အချက်တွေပဲ ပါပါတယ်။ အဓိကအချက်က ကျနော်တို့ ဗုဒ္ဓဘာသာရဲ့ မူလကျမ်းအားလုံးသည် ပါဠိဘာသာ ဖြစ် ပါတယ်။ ပါဠိဘာသာ ကျွမ်းကျင်ရမယ်ဆိုတဲ့ အချက်မပါဘဲနဲ့ ဗုဒ္ဓဘာသာ မပြည့်စုံတဲ့အတွက် အဲဒီအချက်ကို ပါဠိဘာသာနဲ့ အင်္ဂလိပ်ဘာသာ အပြန်အလှန် ကျွမ်းကျင်ရမည်ဆိုတဲ့အချက်ကို ဖြည့်စွက်ပြီး ကျနော် တင်သွင်းတာပါ"

အဲဒီဥပဒေကြမ်းကို ပဲခူးတိုင်းဒေသကြီးက ဒေါက်တာဝင်းမြင့်၊ မကွေးတိုင်းဒေသကြီးက ဦးတင်အောင်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီးက ဦးကိုကိုနိုင်နဲ့ ရန်ကုန်တိုင်းဒေသကြီးက ဦးကျော်နိုင်တို့က ဝေဖန်ဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။

ဥပဒေကြမ်းမှာ ချီးမြင့်ငွေ၊ ဒုတိယဝန်ကြီးဆိုပြီး သုံးနှုန်းထားတဲ့ အသုံးအနှုန်းတွေကို ဖြုတ်ပေးဖို့နဲ့ ပြည်ပက သင်တန်းသားတွေ လက်ခံသင်ကြားဖို့နဲ့ ပြည်ပပို့သင်တန်းသားတွေ စေလွှတ်ဖို့ ဆိုတဲ့အချက်တွေ ထည့်ပေးဖို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

မနက်ဖြန်မှာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ရှေ့နေချုပ်ရုံး၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဥပဒေကြမ်းကို ပြင်ဆင်ဖို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။