အပြည်ပြည်ဆိုင်ရာ တရားရုံးအထိတိုင်မယ်လို့ ဦးဥတ္တရမိန့်ကြား


2014.08.02
landan-monk-305 ဆရာတော်ဦးဥတ္တရ အလယ်ပုံကို တွေ့ရစဉ်
Photo: RFA

လန်ဒန်မြို့ သာသနာ့ရံသီ ကျောင်းတိုက်ဆရာတော် ဦးဥတ္တရ က သံဃာ့မဟာနာယက ဥက္ကဌ နဲ့အတွင်းရေး မှူး ဆရာတော်တွေအပါအဝင် သံဃာအပါး၂၀ကို ဗဟန်း မြို့နယ်နဲ့ တာမွေမြို့နယ် တရားရုံးတွေမှာ တရားစွဲဆို ဖို့ကြိုးစားခဲ့ရာမှာ အဲ့ဒီမြို့နယ်တရားရုံးတွေ က လက်မခံ တဲ့အတွက် အထက်အဆင့် တရားရုံးတွေကို ဆက်လက် တင်ပြသွားမှာဖြစ် ပြီး နောက်ဆုံးအနေနဲ့ အပြည်ပြည်ဆိုင် ရာ တရားရုံးအထိတိုင်ကြားမယ်လို့ RFA ကို မနေ့က မိန့် ကြားလိုက်ပါတယ်။

ဆရာတော်ဦးဥတ္တရနဲ့ တခြား ရဟန်း ၄ ပါးကို ဇွန်လ ၁၀ ရက်နေ့က အာဏာပိုင်တွေ မဟာသန္တိသုခ ကျောင်းတိုက် က ဖမ်းဆီးခေါ်ဆောင်သွားကာ လူဝတ်လဲစေပြီး အင်းစိန်ထောင်မှာ ရက်အနည်းငယ်ကြာ ဖမ်းဆီးထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်ဦးဥတ္တရက ဗဟန်းမြို့နယ် တရားရုံးမှာ ဇူလိုင်လ ၁၆ ရက်နေ့က တရားရုံး အမိန့်စာမပါပဲ ဖမ်းဆီးချုပ်နှောင်မှှု၊ မတရားတားဆီးမှှု စတဲ့အမှုတွေနဲ့ သံဃာ့နာယက ဆရာတော် အပါး၂၀ ကို တရားစွဲဖို့ သွားရောက်လျှောက်ထားခဲ့ရာမှာ ပယ်ချခံခဲ့ရသလို သြဂုတ်လ ၁ ရက်နေ့က တာမွေမြို့နယ် တရားရုံး မှာ  ဆက်ပြီးတရားစွဲဆိုရာမှာလည်း တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးဆရာတော် ဦးဥတ္တရက ခုလိုမိန့်ပါတယ်။

"ဘုန်းကြီးတို့ကတော့ ဒီ မြန်မာနိုင်ငံတွင်းမှာဖြစ်တဲ့ အခုဖြစ်နေတဲ့ပြဿနာဆိုတော့ ပြောရမယ် ဆိုရင် မြန်မာနိုင်ငံတွင်းမှာပဲ တက်နိုင်သလောက် တရားဥပဒေဘောင်အတွင်းမှာပဲ ဘုန်းကြီးတို့ ရှင်းရမှာပေါ့နော်၊ တကယ်ဆို မြန်မာနိုင်ငံအတွင်းမှာပဲ ရှင်းလို့မရတော့ဘူး၊ ရှင်းနိုင်မယ့်အနေအထား အခွင့်အရေးမပေးဘူးဆိုရင်တော့ အပြည်ပြည်ဆိုင်ရာ တရားရုံးအထိ ရှင်းရမှာပေါ့၊ ဘုန်းကြီးက အဲ့လိုဆုံးဖြတ်ထားပါတယ်"

အဲ့ဒီမြို့နယ်တရားရုံးတွေက အခုလိုငြင်းပယ်မှှုနဲ့ပတ်သက်ပြီး ဆရာတော်ဦးဥတ္တရနှင့် ဆရာတော် ၄ ပါးကို အစိုးရကတရားစွဲဆိုထားတဲ့ အမှုတွေမပြီးပြတ်သေးတာကြောင့် ဆရာတော်ဖက်က ပြန်လှန်တရားစွဲတာကို စီမံခန့်ခွဲမူအရ လက်မခံနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာ အာဏာပိုင်တွေက သံဃာ့မဟာနယကအဖွဲ့ အမိန့်နဲ့ပီနန်ဆရာတော်ကြီးရဲ့ မဟာ သန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ်ခဲ့ပြီး ဆရာတော်ဦးဥတ္တရ၊ ဦးတေဇိန္ဒ၊ ဦးသုန္ဒရ၊ ဦးနန္ဒိယနှင့် ဦးပညာဝရတို့ကို ၂၀/၉၀ နဲ့ ပုဒ်မ၂၉၅ (က) ဖြင့် လူဝတ်လဲ ဖမ်းဆီးချုပ်နှောင်ကာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး ဦးစိန်မော်က တရားလိုအဖြစ် တာမွေမြို့နယ် တရားရုံးမှာတရားစွဲဆိုထားတာဖြစ်ပါတယ်။

ဆရာတော်ဦးဥတ္တရနဲ့   RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်လျှောက်ထားချက်ကိုနားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။