လက်ပံတန်းမြို့ခံတစ်ဦး အဖမ်းခံရပြီး တစ်လကျော်အကြာ ရဲအချုပ်မှာ သေဆုံး
သူဟာ လက်ပံတန်းမြို့ မြို့မရပ်ကွက်မှာ ဂစ်တာနဲ့မျက်မှန် အရောင်းဆိုင် ဖွင့်ထားသူဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက်တင်ဘာလ ၇ ရက်နေ့ကတည်းက အဖမ်းခံလိုက်ရတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ ကိုအောင်ဇော်မင်း သေဆုံးသွားပြီဆိုပြီး ရဲစခန်းက မိသားစုဝင်တွေကို အကြောင်းကြားလာတာလို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“သူက လက်ပံတန်းမြို့ပေါ်မှာ ဈေးဆိုင်ဖွင့်ထားတာ။ အဲဒါ NUG နဲ့ PDF ကို ထောက်ပံ့ တယ်ဆိုပြီး ဝင်ဆွဲတာ။ ဝင်ဆွဲပြီး လက်ပံတန်း အချုပ်ထဲမှာပဲထားတာ။ အခုလ ၁၃ ရက်နေ့မှာ လက်ပံတန်းအချုပ်ကနေ သာယာဝတီထောင် ပို့မယ်ဆိုပြီး စီစဉ်ထားတာ မပို့နိုင်လိုက်ဘူး။ မပို့ခင် ၁၂ ရက်နေ့ညမှာ ဘာတွေလုပ်လဲတော့ မသိဘူး။ သူ့မှာ ဘာဆီးချိုမှလည်း မရှိဘူး။ ၁၄ ရက်နေ့မှ မိသားစုကို အကြောင်းကြာတာ”
သူ့ရဲ့အရုပ်အလောင်းကို အောက်တိုဘာ ၁၅ ရက်နေ့မှာ မိသားစုဝင်တွေက သင်္ဂြိုဟ်ခွင့် ရခဲ့ပေမယ့် သင်္ဂြိုဟ်မယ့်အချိန် နီးကပ်မှသာ လက်ပံတန်းရဲစခန်းရဲ့ အစီအစဉ်နဲ့ သုဿာန်ကို လာရောက်ပို့ဆောင်ပေးပြီး ချက်ချင်းသင်္ဂြိုဟ်ခဲ့ရတာလို့ ဆိုပါတယ်။
ရဲစခန်းဘက်ကတော့ ကိုအောင်ဇော်မင်း သေဆုံးခဲ့တာဟာ ဆီးချိုရောဂေါကြောင့်လို့ အကြောင်းပြခဲ့ပေမယ့် ကိုအောင်ဇော်မင်းရဲ့ မိတ်ဆွေတွေကတော့ သူ့မှာ ဆီးချိုရောဂါ မရှိဘဲ ကျန်းမာတဲ့သူလို့ ပြောကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၄ ရက်နေ့ထိ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၂,၃၅၆ ဦးအထိ ရှိပြီဖြစ်ပါတယ်။