အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုကျောင်း ခွင့်ပြုချက်မရလို့ဆိုပြီး အပိတ်ခံရ

RFA Burmese
2024.03.11
အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုကျောင်း ခွင့်ပြုချက်မရလို့ဆိုပြီး အပိတ်ခံရ ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ် (၅၇) ရပ်ကွက်၊ မဟူရာလမ်းမှ အစ္စလာမ် ဘာသာဝင်များ၏ ရာမသွာန် (ဥပုသ်လ) အတွက် ပြုလုပ်ထားတဲ့ ယာယီဝတ်ပြုကျောင်းအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
People Media

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ် (၅၇) ရပ်ကွက်၊ မဟူရာလမ်းက အဆောက်အအုံတစ်ခုမှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ရာမသွာန် (ဥပုသ်လ) အတွက် ပြုလုပ်ထားတဲ့ ယာယီဝတ်ပြုကျောင်းတစ်ခု အပိတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအဆောက်အအုံဟာ ရာမသွာန်ဥပုသ်လတွေမှာ ယာယီဝတ်ပြုကျောင်းအဖြစ်လုပ်ခဲ့တာ ဆယ်နှစ်နီးပါးရှိပြီး အခုအချိန်မှာမှ တရားဝင်ခွင့်ပြုချက်မရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အပိတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဥပုသ်လမှာ အစ္စလာမ်ဘာသာဝင်တွေက ဝတ်ပြုဆုတောင်းကြတဲ့အခါ အဲဒီနေရာလေးမှာလုပ်လာတာ ကြာလာပါပြီ။ အခုမှ ခွင့်ပြုချက်မရလို့ဆိုပြီး မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့က ပိတ်ခိုင်းတာ”

မတ်လ ၁၀ ရက်နေ့ မနေ့က မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) အဖွဲ့ဟာ အဲဒီအဆောက်အအုံကို ရပ်ကွက်နေပြည်သူတွေရဲ့ တိုင်ကြားချက်အရဆိုပြီး လာရောက်စစ်ဆေးခဲ့ပြီး အပိတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီအဆောက်အအုံဟာ ဗလီကျောင်းဖြစ်ကြောင်း မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) အဖွဲ့ဝင် ဦးသုစိတ္တရဲ့ ပြောကြားချက်ကို ကိုးကားပြီး မတ်လ ၁၀ ရက်နေ့မှာ ဖော်ပြထားကြပါတယ်။

ဒါပေမဲ့ အဲဒီအကြောင်းသိသူတစ်ဦးကတော့ အဲဒီနေရာဟာ ဗလီလည်းမဟုတ်သလို၊ အာရဗီစာသင်ကျောင်းလည်း မဟုတ်ဘဲ ရာမသွာန်ဥပုသ်လ တစ်လအတွက် ယာယီဝတ်ပြုကျောင်းတစ်ခုသာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အဲဒီလို ယာယီဝတ်ပြုကျောင်းအတွက် နှစ်စဉ် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ပေမယ့် အခုနှစ်မှာ ခွင့်ပြုချက်ရဖို့နောက်ကျနေသလို နှစ်တိုင်းလည်းခွင့်ပြုချက်ရထားပြီးသား နေရာဖြစ်တာကြောင့် ဖွင့်ခဲ့တာလို့ ပြောပါတယ်။

ဒါ့ကြောင့် မတ်လ ၁၁ ရက်ဒီနေ့မှာ မျိုးချစ် မြန်မာရဟန်းတော်များ သမဂ္ဂ (ရန်ကုန်)၊ ဒေသအာဏာပိုင်အဖွဲ့နဲ့ ယာယီဝတ်ပြုကျောင်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးကြမယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။

အဲဒီနေရာဟာ ဥပုသ်လပြီးရင်တော့ ရပ်ကွက်ထဲက သာရေး၊ နာရေးအတွက် အသုံးပြုကြတဲ့ အဆောက်အအုံတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရ ဥပဒေချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။