အကြမ်းဖက်လုပ်ရပ်ကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ရှုတ်ချ
2017.09.10

မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေဟာ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံဘဲ ဆန့်ကျင်ရှုတ်ချပြီး အကြမ်းဖက်မှုတွေ မဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေဟာ အကြမ်းဖက်မှုတွေကို လက်မခံတဲ့အပြင် ဘာသာတရား တစ်ခုနဲ့ တစ်ခုကြား နားလည်မှု လွဲမှားစေတဲ့ လုပ်ရပ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် ထုတ်ပြန်တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ပြောပါတယ်။
"အစ္စလာမ်ဘာသာမှာ အပြစ်မဲ့သူတွေ ထိခိုက်နစ်နာစေမယ့် ကိစ္စမှန်သမျှကို မဆောင်ရွက်ဖို့ မကျုးလွန်ဖို့ တင်းတင်းကြပ်ကြပ်တားမြစ်ထားပါ တယ်။ နိုင်ငံသားတွေအနေနဲ့လည်း ကိုယ့်နိုင်ငံကို ထိခိုက်စေမယ့် ကိစ္စမျိုးကို ရှောင်ကြဉ်ဖို့လည်း လိုပါမယ်။ ဒါ့ကြောင့်မို့လို့ ကျတော်တို့ ထုတ်ပြန်တာပါ။ ကျတော်တို့အနေနဲ့ ပြောချင်တာကတော့ ဘာသာတရားအသီးသီးက မွန်မြတ်ပါတယ်။ မွန်မြတ် လို့လည်း ဘာသာတရားအသီးသီးက နှစ်နှစ်ကာကာ ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်နေတာပါ။ ဘာသာတစ်ခုနဲ့တစ်ခုအကြား နားလည်မှု ပျက်ပြားစေမယ့် အပြောအဆို အပြုမူမျိုး ရှောင်ကြဉ် အပ်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး အကြောင်းကိစ္စပေါ်နေတဲ့ အခြေအနေမျိုးမှာ ပိုပြီးတော့ သတိပြုစေလိုတဲ့ ထုတ်ပြန်ချက်ပါ"
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေ သေဆုံးခဲ့ရတာကို ဝမ်းနည်းကြေကွဲရပြီး နေရပ်စွန့်ခွာနေရတဲ့ ပြည်သူတွေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း ARSA ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး၊ အဲဒီအဖွဲ့ဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အပါအဝင် မြို့ကြီးတွေမှာ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေကနေ သိရတာကြောင့် စိုးရိမ်မိတယ် လို့လည်း ပြောပါ တယ်။
အခုအချိန်မှာ အင်တာနက် လူမှုကွန်ရက်တွေမှာ ဘာသာ တစ်ခုနဲ့ တစ်ခုအကြား မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်အောင် ဘာသာရေး ပုတ်ခတ်စော်ကား တာတွေ၊ လှုံ့ဆော်တာတွေ၊ လုပ်ကြံသတင်းလွှင့်တာတွေကို တွေ့ရှိနေရတယ်လို့လည်း ထုတ်ပြန်ချက် ပါရှိပါတယ်။
ဒါ့ကြောင့် အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ လက်ခံယုံကြည်တာ၊ ဖြန့်ဝေတာ၊ စိတ်လိုက်မာန်ပါ တုံ့ပြန်တာတွေ မလုပ်ကြဖို့နဲ့ ပတ်ဝန်းကျင်မှာလည်း မသင်္ကာစရာတွေ့ရှိခဲ့ရင် နီးစပ်ရာ အုပ်ချုပ်ရေး အဖွဲ့တွေဆီကို အချိန်မီ အသိပေးကြဖို့ နှိုးဆော်ထားပါတယ်။
အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးဟာ အစိုးရအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဘာသာပေါင်းစုံ နိုင်ငံသားပြည်သူ တွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။