ထောင်တွင်းအလုပ် ဆန့်ကျင်ရေးတိုက်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပ

လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် သာယာဝတီ အကျဉ်းထောင်အတွင်းမှာ အကျဉ်းချ ခံခဲ့ရတဲ့ ကျောင်းသား လူငယ်တွေ ကျင်းပတဲ့ သာယာဝတီ အကျဉ်းထောင် Anti Labour ခေါ် အလုပ် ဆန့်ကျင်ရေး တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းပေါ်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

2013.02.01

၁၉၉၅ ခုနှစ်က သာယာဝတီ အကျဉ်းထောင်မှာ နေခဲ့ရဖူးတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကိုမာကီးက ဒီကနေ့ အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။

" ကျွန်တော်တို့တွေက သူတစ်ပါးကို ရန်ပြုခဲ့ကြသူတွေမဟုတ်ကြပါဘူး၊ စာရွက်ဝေတယ်၊ ဒို့အရေးအော်တယ် အားလုံးငြိမ်းငြိမ်းချမ်းချမ်းလုပ်ခဲ့ကြတာ၊ ထောင်ထဲရောက်တယ် ထောင်ရဲ့စည်းကမ်းမှန်သမျှ ချိုးဖောက်ရမယ်လို့ ကျွန်တော်တို့ သဘောမထားပါဘူး၊ ထောင်ရဲ့အလုပ်ကိုလည်း ကျွန်တော်တို့ မကြောက်ပါဘူး၊ ဦးချိုးတဲ့အနေနဲ့ မင်းတို့ဟာ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး၊ မင်းတို့ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချမှတ်လိုက်တာ ဆိုပြီး မတရားတဲ့ အမိန့်အာဏာတွေနဲ့ စေခိုင်းခဲ့တာပါ၊ ကျွန်တော်တို့ကိုအဲ့လို လုပ်တဲ့သူတွေကို ပြစ်ဒဏ်ပေးဖို့ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး၊ အဲလိုတွေဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းတင်စေချင်တဲ့ အတွက်လုပ်တာလို့ပြောပါတယ်။"

ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေကို သာယာဝတီ အကျဉ်းထောင်အတွင်းမှာ အခြားရာဇဝတ်အကျဉ်းသားတွေနဲ့တန်းတူ အလုပ်စေခိုင်းတာတွေ ရှိခဲ့တဲ့အပြင် ကျောင်းသားအကျဉ်းသားတွေကို လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ ဖော်ပြပေးစေလိုတဲ့အတွက် အခုလို ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို သာယာဝတီ အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ထောင်တွင်းမှာ အလုပ်ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ၁၉၈၉ ခုနှစ် သာယာဝတီအကျဉ်းထောင်အတွင်းက Anti Labour ခေါ် အလုပ်ဆန့်ကျင်ရေး တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေ သံဃာတော်တွေ အပြင် တိုက်ပွဲဝင်ရင်း သေဆုံးသွားကြတဲ့ ကျောင်းသားတွေရဲ့ မိသားစုဝင်တွေ အပါအဝင် လူဦးရေ (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။