ရခိုင် ကိုးမြို့နယ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ဂျပန်တိုက်တွန်းမည်

မင်းသိန်းအောင်
2020.11.29

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသကို နိုဝင်ဘာလ ၂၈ ရက် မနေ့က သွားရောက် လေ့လာခဲ့ပါတယ်။ ဒေသခံတွေရဲ့ တောင်းဆိုတင်ပြချက်တွေနဲ့ ရခိုင်မြောက်ပိုင်းက ချန်လှပ်ထားခဲ့တဲ့ မြို့နယ်ကိုးခုမှာ ရွေးကောက်ပွဲကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းသွားမယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲကျင်းပလို့ရတဲ့ အခြေအနေရှိတာကြောင့် အဲဒီဒေသမှာ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံပြီး တိုက်တွန်းသွားမယ်လို့ ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ် ပြောပါတယ်။

စစ်ရေးပဋိပက္ခတွေပြင်းထန်နေလို့ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ ကျောက်တော်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ် Mr. Yohei Sasakawa နဲ့အဖွဲ့ သွားရောက် လေ့လာခဲ့ပြီးတဲ့နောက် စစ်တွေ ဟိုတယ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ စကားပြန်ကတစ်ဆင့် အခုလိုပြောဆိုခဲ့တာပါ။

“ဒေသခံလူထုနဲ့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်တဲ့အချိန်မှာဆိုရင် ဒေသခံတွေဟာ ရွေးကောက်ပွဲကို အရမ်းလုပ်စေချင်နေကြတဲ့ စိတ်ဆန္ဒရှိနေတယ်ဆိုတာကို ကျွန်တော် တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒေသခံပြည်သူလူထုရဲ့ ဆန္ဒနဲ့ အဲဒီဒေသအခြေအနေ၊ လုံခြုံရေးအခြေအနေတွေအရ ရွေးကောက်ပွဲ ပြုလုပ်ဖို့ အဆင်ပြေတယ်ဆိုတဲ့ အကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ တင်ပြပြီးတော့မှ အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ရာအတွက်ကို ကျွန်တော်တို့ အနေနဲ့ တောင်းဆိုတင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ အေအေနဲ့ တပ်မတော်တို့ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့ နှစ်ဦးနှစ်ဘက်ဟာ ရှေ့ဆက်ပြီးတော့မှ ပိုမိုကောင်းမွန်အောင် ဆွေးနွေးမှုတွေပြုလုပ်သွားနိုင်မယ်လို့လည်း ကျွန်တော့အနေနဲ့ မျှော်လင့်ပါတယ်။”

ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲပေးဖို့လိုအပ်ပြီး အဲဒီလိုသာမဟုတ်ရင် ရွေးကောက်ပွဲပြုလုပ်နိုင်မှာမဟုတ်တဲ့အတွက် နှစ်ဘက်စလုံးက ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ကိုလည်း သူ့အနေနဲ့ မေတ္တာရပ်ခံခဲ့တာကြောင့် နှစ်ဘက်စလုံးက ကြေငြာချက်အသီးသီး ထုတ်ပြန်ခဲ့ကြတာလို့ ယူဆကြောင်း Mr. Yohei Sasakawa ကပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ဒေသက ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ဆန္ဒပြင်းပြနေပြီး Mr. Yohei Sasakawa ကိုလည်း ကိုယ်တိုင်သွားရောက်လေ့လာဖို့ ပြောဆိုခဲ့ကြောင်း၊ အခုရခိုင်ခရီးစဉ်မှာ သွားရေးလာရေးအတွက် တပ်မတော်ကပဲ စီစဉ်ပေးခဲ့တာဖြစ်ကြောင်း Mr. Yohei Sasakawa က သတင်းထောက်တွေကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ မြို့နယ် ၉ ခုအနက်က တိုက်ပွဲဖြစ်ပွားမှုအများဆုံးနဲ့ မကြာသေးခင်က တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကျောက်တော်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ရွေးချယ်ပြီးတော့ သွားရောက်ခဲ့တာလို့လည်းဆိုပါတယ်။

ဒီခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ကလည်း ချန်လှပ်ခဲ့ရတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေး အကူအညီအပြည့်အဝပေးဖို့ အဆင်သင့်ရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

“တရားမျှတတဲ့ရွေးကောက်ပွဲကို အဲဒီဒေသမှာကျင်းပနိုင်ဖို့ အင်မတန်မှ မျှော်လင့်နေကြတဲ့အကြောင်းကို Mr. Yohei Sasakawa ကိုတင်ပြခဲ့ကြတာကို နားထောင်ခွင့်ရခဲ့ပါတယ်။ အဲဒါတွေကိုအခြေခံပြီးတော့ ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ ဂျပန်သံရုံးအနေနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့အကူအညီတွေရှိတယ်ဆိုရင် ကျွန်တော်တို့ အပြည့်အဝအကူအညီပေးဖို့ အဆင်သင့်ရှိပါတယ်။”

ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ နေ့လယ်ပိုင်းမှာ ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်း ခေါင်းဆောင် တွေအပါအဝင် ရခိုင်ပြည်နယ်လွှတ်တော် တာဝန်ရှိသူတွေနဲ့ပါ စစ်တွေဟိုတယ်မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရခိုင်ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဒေါ်အေးနုစိန် ဆိုပါတယ်။

“အခု လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ နည်းပညာတွေ စသဖြင့်ကို ပံ့ပိုးဆောင်ရွက်ပေးမယ် ဆိုရင် ကျွန်မတို့အတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီးကောင်းမွန်လာမယ်ဆိုတဲ့အကြောင်းကို တင်ပြပါတယ်။ အခုအနေအထားမှာလည်း ဒေါ်လာ နှစ်သိန်း အလှူငွေပေးအပ်သွားမယ်ဆိုတာကိုလည်း အထူးကိုယ်စားလှယ်က ပြောခဲ့တာတွေရှိပါတယ်။ နောက်ထပ်ဆက်လက်ပြီးတော့ ဒီဒေသရဲ့ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာကိုလည်း ဒီအဖွဲ့ရဲ့ ဒါရိုက်တာကနေတစ်ဆင့် ရန်ကုန်မှာရှိတဲ့ ရခိုင်အမျိုးသားပါတီတွေနဲ့ နောက်ထပ်နောက်ထပ် ဆက်သွယ်ပြီးတော့ ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့အကြောင်းတွေကိုလည်း အပြန်အလှန် တင်ပြပြောဆိုမှုတွေ ရှိခဲ့ကြပါတယ်။”

ရွေးကောက်ပွဲအလွန်ကာလမှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ဖြစ်မြောက်လာဖို့အတွက်ကို ဂျပန်နိုင်ငံ အနေနဲ့ ကြိုးစားဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်း အထူးကိုယ်စားလှယ်က ANP ပါတီနဲ့တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိဖို့နဲ့ လူသားချင်းစာနာထောက်ထားတဲ့ ထောက်ပံ့မှုတွေကို ဂျပန်အစိုးရအနေနဲ့ရော နီပွန်ဖောင်ဒေးရှင်းအနေပါ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်က နိုဝင်ဘာလ ၉ ရက်နေ့က အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တာကြောင့် မဲဆန္ဒရှင် ဆယ့်ခြောက်သိန်းကျော်ရှိတဲ့အနက် ဆယ့်နှစ်သိန်းကျော် မဲပေးခွင့် ဆုံးရှုံးခဲ့ကြရပါတယ်။

ချန်လှပ်ထားခဲ့တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့ အသီးသီးသဘောထားထုတ်ပြန်ထားကြပြီးနောက် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲကိစ္စအပြင် မငြိမ်မသက်ဖြစ်နေတဲ့ ဒေသကို ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးလမ်းစ ပေါ်ထွန်းလာအောင်အထိ ငြိမ်းချမ်းရေးတမန်တော်လို ဆောင်ရွက်ပေးတာကြောင့် ကျေးဇူးတင်ကြောင်း အထူးကိုယ်စားလှယ် Mr. Yohei Sasakawa ကို ရခိုင်အမျိုးသားပါတီ(ANP) တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။