NCA ပူးတွဲစောင့်ကြည့်ကော်မတီကို တပ်မတော် ဦးဆောင်ဖွဲ့စည်းဖို့ သဘောတူ


2015.11.01
jmc-620.jpg ရန်ကုန်မြို့ မြန်မာငြိမ်းရေးစင်တာမှာ အောက်တိုဘာလ ၂၉ ရက်နေ့က JMC “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ" အစည်းအဝေးကျင်းပစဉ်
Photo: Thiha Tun/RFA

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရ တပ်မတော်ကြား ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို တပ်မတော်ဘက်က ဥက္ကဌအဖြစ် တာဝန်ယူဖွဲ့စည်းဖို့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ သဘောတူညီခဲ့ကြပါတယ်။

ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာငြိမ်းချမ်းရေးစင်တာမှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား ၃ ရက်ကြာပြုလုပ်တဲ့ ဆွေးနွေးပွဲနောက်ဆုံးနေ့ သတင်းစာ ရှင်းလင်းပွဲ မှာ နှစ်ဘက်ခေါင်းဆောင်တွေက ထုတ်ဖော်ပြောကြားခဲ့ကြတာပါ။

အပစ်ရပ်လက်မှတ် မထိုးထားတဲ့အဖွဲ့တွေနဲ့ အခု နိုဝင်ဘာလဆန်းပိုင်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဖို့ရှိသလို တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ချုပ်ဆိုဖို့ ကျန်ရှိနေသေးတဲ့အဖွဲ့ဝင်တွေ ပါဝင်လာအောင် ကြိုးစားသွားမှာဖြစ်တယ် လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက RFA ကို ပြောပါတယ်။

"ကျနော်တို့ ဒီ NCA  စာချုပ်ကို အစိုးရဘက်က တံခါးဖွင့်ထားတယ်ပေါ့၊ အခုလာမယ့် ကြားကာလဆိုရင် တိုင်းရင်းသားအချင်းချင်း ဆွေးနွေးမယ့်ကိစ္စ ကျနော်တို့အလုပ်အဖွဲ့တွေ သွားရောက်တွေ့ဆုံရှင်းပြတဲ့ကိစ္စတွေရဲ့ အပေါ်မှာတော့မူတည်မယ်၊ တကယ်လို့ ကျနော်တို့ လက်မှတ်ထိုးမယ့်အဖွဲ့တွေရှိရင်လည်း ၁၆ ရက်နေ့ လို နှစ်ဖက်ခေါင်းဆောင်တွေအနေနဲ့ ပါတယ်ပေါ့၊ ကျနော်တို့ဘက်မှာတော့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်မှာပဲ၊ အဲ့ဒီလိုဆွေးနွေးပွဲတွေမှာ ကျနော်တို့ နှစ်ဘက်ရှိလာမယ်လို့ နှစ်ဘက်ညှိနှိုင်း ပြီးတော့ လျင်လျင်မြန်မြန်နဲ့ လုပ်သွားမှာပဲ၊ ဖြစ်နိုင်လားမေးရင်တော့ ဒါဟာအချိန်မရွေးဖြစ်နိုင်ပါတယ်၊ ကြားကာလမှာ ကျနော်တို့သွားပြီးတော့ ညှိနှိုင်းမယ့်ကိစ္စတွေရှိပါတယ်"

အဲ့ဒီပူးတွဲကော်မတီမှာ ဒုဥက္ကဌအနေနဲ့ ကရင်တိုင်းရင်းသားများအစည်းအရံုံး KNU ဘက်က တစ်ဦးနဲ့ ပြင်ပက လူပုဂ္ဂိုလ်တစ်ဦး ဒုဥက္ကဌ နှစ်ဦးထားရှိမှာဖြစ်ပါတယ်။ သုံးရက်ကြာဆွေးနွေးပွဲမှာ အပစ်ရပ်စဲရေးနဲ့ပတ်သက် တဲ့ နှစ်ဘက်တပ်တွေရဲ့ အခြေအနေကို စောင့်ကြည့်မယ့်ပုံစံတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် အပစ်ရပ်လက်မှတ် မရေးထိုးထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ရေးအရ တိုက်ခိုက်မှုတွေမလုပ်ဖို့နဲ့ အပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်ဖို့အထိ အစိုးရဘက်ကြိုးစားပေးဖို့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေဟာ လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့ မှာ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။