၂ဝ၁၅ ရွေးကောက်ပွဲ တရား မျှတစွာကျင်းပရေး အမေရိကန် အလေးထားကူညီပံ့ပိုးသွားမည်
2014.08.15

မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပြည်သူတွေ ပူးပေါင်းဆောင် ရွက်မှုတွေကြောင့် ကနဦး တိုးတက်တဲ့ အပြောင်း အလဲတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး စိန်ခေါ်မှုတွေ လည်း အများကြီးရှိနေကြောင်း၊ အမေရိကန်ပြည်ထောင်စု အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရေးကို အထူးအလေးထား ကူညီပံ့ပိုးသွားမယ် လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူမြို့ က ဟာဝိုင်ယီတက္ကသိုလ်မှာရှိတဲ့ East West Center မှာ ဗုဒ္ဓဟူးနေ့က ပြောကြားတဲ့ အာရှခရီးစဉ်နဲ့ အမေရိကန် မူဝါဒအကြောင်း ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို ပြော ကြားခဲ့တာဖြစ်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ မိန့်ခွန်းအပြည့် အစုံမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ရှေ့ဆက်သွားရမယ့်ခရီးက အများကြီးရှိနေပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေကြ သူတွေ အနေနဲ့ အခုအခါမှာ အခက်ခဲဆုံး၊ အနက်နဲဆုံး စိန်ခေါ်မှုတွေဖြစ်တဲ့ အနာဂတ်မှာ စစ်တပ်အတွက် အခန်း ကဏ္ဍ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပရေး၊ ဆယ်စုနှစ်တွေ ချီကြာမြင့်နေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ နာမည်အရသာ ကတိပေးထားတဲ့ လူ့အခွင့်အရေးတွေ တရားဝင် လက်တွေ့ရရှိရေး စတာတွေကို ကိုင်တွယ်ဖြေရှင်းနေကြရပါတယ်လို့ Mr. Kerry က ပြောသွားတာပါ။
တချိန်ထဲမှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ တိုင်းပြည်ရဲ့ သစ်တောနဲ့ တခြားသယံ ဇာတတွေ ထိန်းသိမ်းရေးတွေလည်း လုပ်ဆောင်နေကြကြောင်း၊ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသူတွေကို အမြဲတမ်း အားပေးကူညီနေမှာဖြစ်ပြီး အထူးသဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရေးကို ကူညီအားပေးသွားမှာဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ဒါပေမယ့် တကယ်တမ်းဆုံးဖြတ် လုပ်ကိုင်ရမှာက မြန်မာနိုင်ငံက ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်လို့လည်း Mr. Kerry က ပြောကြားထားပါတယ်။