ဂျော်ဒန်မှာ အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လာ


2013.03.29

ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက ၁၀၀ နီးပါးလောက်ဟာ စက်ရုံအုပ်ချုပ်ရေးက အလုပ်သမားအခွင့်အရေး ဆက်လက်ချိုးဖေါက်နေတာကြောင့် သူတို့သဘောဆန္ဒအတိုင်း အလုပ်ထွက်လိုက်ကြပြီး ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။

အခုပြန်ရောက်လာတဲ့ အလုပ်သမားတွေဟာ စာချုပ်သက်တမ်းမပြည့်ခင် အလုပ်ထွက်လိုက်ကြတဲ့အတွက် အလုပ်သမားတစ်ဦးကို ဒေါ်လာ ၁၄၀ လျှော်ကြေးပေးပြီး ပြန်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ စက်ရုံကကျွေးတဲ့ အစားအသောက်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေးအရာရှိတွေရဲ့ ဆက်ဆံရေးညံ့ဖျင်းမှုနဲ့ လစာငွေနည်းပါးမှုတွေကြောင့် ဖြေရှင်းပေးဖို့ စက်ရုံအာဏာပိုင်တွေကို ဆန္ဒပြတောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် စက်ရုံဘက်က မလိုက်လျောတာကြောင့် မူလက CMJ စက်ရုံမှာ  မြန်မာနိုင်ငံသား အလုပ်သမား ၂၀၀၀ နီးပါးရှိခဲ့ပေမယ့် အခုတော့ ထက်ဝက်လောက် ပြန်လာကြတယ်လို့လည်း သိရပါတယ်။

ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံးမရှိတာကြောင့် အလုပ်သမားတွေရဲ့ နစ်နာမှုကို တိုင်ကြားနိုင်တဲ့ အဖွဲ့အစည်းမရှိတဲ့အပြင် မြန်မာနိုင်ငံက ကိုယ်စားလှယ်လွှတ်ပြီး ဖြေရှင်းပေးမယ်လို့ သူတို့သိရှိခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။