လွှတ်တော်ဥက္ကဌတွေနဲ့ စာနယ်ဇင်းကောင်စီ တွေ့ဆုံ


2014.08.20
journalist-council-parliament-leader-305.jpg နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ ဇမ္ဗူသီရိ ခန်းမဆောင်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ သြဂုတ်လ ၂ဝ ရက်နေ့ က တွေ့ဆုံခဲ့စဉ်
Photo: Win Naung Toe/RFA

လာမယ့် စက်တင်ဘာလမှာကျင်းပမယ့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ သတင်းမီဒီယာတို့ရဲ့ မဏ္ဍိုင်ကြီး ၄ ရပ် တွေ့ဆုံဆွေးနွေးပွဲဖိုရမ်မှာ ဥပဒေပြုရေး မဏ္ဍိုင်က ပူးပေါင်းပါဝင်သွားမယ်လို့ လွှတ်တော် ဥက္ကဌတွေက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ ဒီကနေ့တွေ့ဆုံစဉ် ကတိပေးခဲ့ကြောင်း ကောင်စီ အဖွဲ့ဝင်တွေက ပြောပါတယ်။

ဖိုရမ်ဖြစ်မြောက်ရေးကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက လွှတ်တော်ဥက္ကဌတွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း အခုလို ပြော ပါတယ်။

"မဏ္ဍိုင် ၄ ခု ဆွေးနွေးပွဲလုပ်မယ့်ကိစ္စ၊ နောက် ဥပဒေပိုင်းဆိုင်ရာတွေပေါ့၊ ဥပဒေပိုင်းဆိုင်ရာ သတင်းမီဒီယာဥပဒေ၊ နောက်နည်းဥပဒေ၊ အများပြည်သူဝန်ဆောင်မှုဆိုင်ရာ ဥပဒေ အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးပါတယ်၊ အုပ်ချုပ်ရေးမဏ္ဍိုင်က သမ္မတနဲ့ တွေ့ပြီးပါပြီ၊ သမ္မတနဲ့ တွေ့ပြီးမှ လွှတ်တော်ဥက္ကဌတွေနဲ့ တွေ့တာပေါ့၊ လိုအပ်လို့ရှိရင် ကျနော်တို့က State Holder တွေနဲ့လည်း တွေ့ဖို့ရှိပါတယ်၊ ကျနော်တို့ လွှတ်တော်နှစ်ရပ်စလုံးက အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်လို့ပြောပါတယ်"

အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေအကြား သတင်းရယူမှုအခြေအနေတွေကြောင့် နားလည်မှု လွဲမှားနေတာတွေရှိခဲ့တဲ့အတွက် သတင်းသမားတချို့ ဖမ်းဆီးထောင်ချခံရတာတွေ၊ တရားရင်ဆိုင်နေရတာတွေကို မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံမယ့်ဖိုရမ်မှာ ဆွေးနွေးအဖြေရှာပြီး ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးကျော်မင်းဆွေက ပြောပါတယ်။

ဖိုရမ်ဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေဟာ ဒီလ ၁ ရက်နေ့ က နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။