မြန်မာကို စစ်လက်နက်ပိတ်ဆို့အရေးယူဖို့ Fortify Rights တိုက်တွန်း

RFA Burmese
2023.10.12
မြန်မာကို စစ်လက်နက်ပိတ်ဆို့အရေးယူဖို့ Fortify Rights တိုက်တွန်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ရုရှားနိုင်ငံ Novosibirsk မြို့ရှိ Higher Military Command School တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က စစ်လက်နက်ပစ္စည်းများ ကြည့်ရှုနေကြစဥ်။
Myanmar Military

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ စစ်လက်နက်ပိတ်ဆို့အရေးယူမှုမှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အမြန်ဆုံး ပူးပေါင်းပါဝင်ကြဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဆီက ရရှိနေတဲ့ စစ်လက်နက်တွေနဲ့ အရပ်သားတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဆက်လက် တိုက်ခိုက်နေပြီး အရေးယူခံရမှုကနေ ကင်းလွတ်ခွင့် ရနေတယ်လို့ Fortify Rights ညွှန်ကြားရေးမှူး John Quinley က ပြောပါတယ်။

“လုံခြုံရေးကောင်စီဟာ သူရဲ့ပင်မအလုပ်ဖြစ်တဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ကာကွယ်တာမျိုး လုပ်တဲ့အချိန် မတိုင်ခင်အထိ ကလေးဘယ်လောက်များများသေပေးဖို့ လိုအပ်သလဲ”

ကုလလုံခြုံရေးကောင်စီကဟာ မြန်မာအရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ဆီ လွှဲပြောင်းသင့်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး Fortify Rights အဖွဲ့က အခုလိုထုတ်ပြန်လာတာပါ။

အောက်တိုဘာလ ၉ ရက်ညကဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှုမှာ ကလေး ၁၁ ဦးအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီတိုက်ခိုက်မှုကို သူတို့ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပေါ်ပြစ်တင်ရှုတ်ချထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။