မြစ်ကြီးနားကို ထွက်ပြေးလာသူ ၁၅ဝဝ ကျော်ရှိ
2018.04.28

KIA ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်ရင်း ၄ တပ်စွဲထားတဲ့ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် တဝိုက်မှာ တပ်မတော်နဲ့ KIA တို့ ဒီနေ့အထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာကြောင့် မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးလာကြရတဲ့ ဒုက္ခသည်တွေ တိုးလာနေပါတယ်။
ဒုက္ခသည်ဦးရေ ၁၅ဝဝ ကျော် ရှိနေပြီလို့ အင်ဂျန်းယန်မြို့နယ် ဇွတ်မိုင်ရွာကနေ ထွက်ပြေးလာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့ညက စာရင်းအရဆိုရင် နှစ်နေရာလူဦးရေစာရင်းက ၁၁ဝ၁ ယောက်ရှိတယ်၊ မနေ့ကညနဲ့ အခုလောလော ဆယ် ရောက်လာတဲ့လူတွေလည်း ရှိပါတယ်၊ စာရင်းတော့အတိအကျ မသိသေးဘူး၊ ခန့်မှန်းခြေအရဆိုရင် ၁၅ဝဝ နီးပါးလောက်တော့ရှိလိမ့်မယ်၊ ဒီကနေ့မနက်ကလည်း ဆွမ်ပရာဘွန်ဘက်သွားတဲ့ လမ်းဘက်က သရန်ဇွတ်ရွာ ဘက်က လူ ၃ဝ လောက်ရောက်လာတယ်"
ဧပြီလ ၂၄ ရက်နေ့ကစပြီး အင်ဂျန်းယန်မြို့နယ် ၁၆ မိုင်နဲ့ ၁၇ မိုင်ကြားမှာ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားနေ တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းအထိ ပစ်ခတ်နေကြဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်က ရွာပေါင်း ၁၃ ရွာက ရွာလုံးကျွတ်နီးပါး ထွက်ပြေးလာကြရတာလို့လည်း ဆိုပါတယ်။
ဒုက္ခသည်တွေဟာ တန်ဖရဲရွာမှာ နေရာ နှစ်နေရာခွဲပြီး နေထိုင်ကြပြီး သူတို့ကို ပြည်နယ်အစိုးရ၊ ဘာသာရေး အသင်းအဖွဲ့တွေ၊ ကချင်လူမှုအရပ်ဖက်အဖွဲ့အစည်းတွေက ကူညီစောင့်ရှောက်ပေးနေပြီး တန်ဖရဲကျေးလက် ကျန်းမာရေးဌာနကလည်း လိုအပ်တဲ့ဆေးဝါး ကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း နေရာအတော်များများမှာ ဒီလပိုင်းအတွင်း တပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တနိုင်းမြို့နယ်ထဲက ဒေသခံထောင်ကျော်ဟာလည်း တောတောင်တွေထဲမှာ ပုန်းအောင်းခိုလှုံနေကြသူတွေလည်း အခုထိရှိနေပါတယ်။
ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန် ထားပါတယ်။ အဲဒီဒေသတွေမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးသလို ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေထံ RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။