ကချင်ဒုက္ခသည်စခန်း စာသင်ကျောင်းတွေမှာ အရေးတကြီး အကူအညီလိုနေ
2013.05.23

ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ အခုအခါ အကူအညီထောက်ပံ့မှု နည်းနေပြီး အထူးသဖြင့် လာမဲ့ကျောင်းဖွင့်ရာသီမှာ စာသင်ကျောင်းတွေအတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။
မကြာခင် မေလကုန် ဇွန်လရောက်လို့ ကျောင်းတွေ ဖွင့်ဖို့အချိန် ရောက်တော့မှာဖြစ်ပေမယ့် တရုတ်မြန်မာနယ်စပ် မိုင်ဂျာယန်မြို့အနီးရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေမှာ စာသင်ကျောင်း အဆောက်အဦးနဲ့ တခြားအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒေါ်မယ်ရီတန်က ပြောပါတယ်။
ဒါ့အပြင် အဲဒီကျောင်းသားတွေအတွက် စားဝတ်နေရေးအတွက်ပါ လိုအပ်ချက် အများကြီးရှိနေတယ်လို့ သိရပါတယ်။ အရင်ကရှိတဲ့ စာသင်ကျောင်းဆောင်တွေဟာ အခုမေလအစောပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် ပြိုလဲပျက်စီးသွားပြီး အခုအချိန်အထိ ပြန်လည်မဆောက်နိုင်သေးတာလဲရှိတယ်လို့ သိရပါတယ်။
ဒုက္ခသည်စခန်းတွေမှာ လွန်ခဲ့တဲ့လတွေက အကူအညီတချို့ရကြပေမယ့် အခုနောက်ပိုင်း ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့တွေထံကနေ စာသင်ကျောင်းနဲ့ ပတ်သက်တာတင်မကပဲ တခြားအကူအညီတွေပါ မရသလောက်ဖြစ်နေတယ်လို့ သူကပြောပါတယ်။
အခုအခါ ကေအိုင်အိုနဲ့ အစိုးရတပ်တွေ အကြားဖြစ်တဲ့တိုက်ပွဲတွေကြောင့် ပြည်သူလူထုက ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာ အခုဆိုရင် ၂ နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။