သတ္တုတူးဖေါ်မှု ရပ်ထားဖို့ ကချင်အဖွဲ့တွေ တောင်းဆို
2016.05.26
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ ကချင်ပြည်နယ်အတွင်း သဘာ၀ သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ကချင်နိုင်ငံရေးပါတီ ၃ ပါတီက မနေ့က ကြေညာချက် ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနဲ့ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် ပါတီ ၃ပါတီက ကိုယ်စားလှယ်တွေဟာ မေလ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ ဆွေးနွေးပြီးနောက် ကြေညာချက် ထုတ်လိုက်တာဖြစ်တယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ဦးဘရန်အောင် က ပြောပါတယ်။
"အခုလည်းပဲ ၂၁ ပင်လုံ ညီလာခံလုပ်မယ့်အချိန်မှာ တိုက်ပွဲတွေက များလာတယ်၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးညီလာခံလုပ်နေတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ စီမံကိန်းတွေအားလုံး ရပ်ဆိုင်းပေးဖို့ အစိုးရကိုရော ကုမ္ပဏီကြီးတွေကိုရော ဆောင်းဆိုချင်းဖြစ်တယ်"
ကချင်ပါတီ ၃ပါတီရဲ့ တောင်းဆိုချက်တွေထဲမှာ ကချင်ပြည်နယ်မှာ သယံဇာတအရင်းအမြစ် တူးဖော်ခွင့်နဲ့ ထိန်းသိမ်းကာကွယ်ခွင့် မူဝါဒတွေကို ဖွဲ့စည်းပုံထဲမှာ ထည့်သွင်းပြဌာန်းပေးဖို့၊ သယံဇာတအရင်းအမြစ်က ရရှိတဲ့ အခွန်ဘဏ္ဍာကို ပြည်နယ်အစိုးရကနေ ပြည်ထောင်စုအစိုးရထံ ခွဲဝေပေးတဲ့စနစ်ကိုကျင့်သုံးဖို့၊ စီမံကိန်းတိုင်းမှာ ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ စတာတွေ ပါဝင်ပါတယ်။
သယံဇာတတူးဖော်ရေး စီမံကိန်းတွေ လုပ်ဆောင်မယ်ဆိုရင် ဒေသခံတွေရဲ့ သဘောထားတွေကို ရယူပြီးမှသာ လုပ်ဆောင်ခွင့်ပြုကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။