အစိုးရတပ်က နေရာရွှွေ့ခိုင်းခြင်းကို ကချင်တပ်ဖွဲ့များ လက်မခံ
2011.04.27

အခုလို KIA တပ်တွေကို ရွှေ့ခိုင်းတာဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်ပြည်ကို ဖောက်လုပ်မဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမဲ့ နေရာကို အစိုးရတပ်တွေက ရှင်းလင်းရေး အစီအစဉ်အရ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို အစိုးရဖက်က ပြောဆိုလာတာနဲ့ ပတ်သက်ပြီး KIA တပ်မဟာ ၄ ဦးစီးမှူး ဗိုလ်မှူးကြီး ဇော်ရော်က အစိုးရဖက်က တရားဝင် ပြောဆိုလာတာ ခုတကြိမ်ဟာ ပထမဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီ တပ်ခွဲကို လာရွှေ့ခိုင်းတယ်ဆိုတာ မနေ့တနေ့ကပဲ ကျွန်တော့ကို တင်ပြလာတယ်။ အဲဒါကျတော့ ကျွန်တော်တို့လည်း ဘယ်လိုမှ အဲဒါ အရင်က ရှိပြီးသား တပ်စခန်းတွေ ဘာတွေ ရွှေ့ဖို့ အစီအစဉ်တော့ မရှိဘူး။ သူတို့ ဒီ ဂက်စ်ပိုက်လိုင်း လုံခြုံရေး ဆိုပြီးမှ အဲဒါ အစီအစဉ် ရှိကြတယ်ထင်တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ တိုက်ရိုက် ပြောဆိုလာတာကတော့ ဒီတကြိမ်ပေါ့နော်၊ တပ်စခန်းကို အဲလို ရွှေ့ခိုင်းတယ်ဆိုတာကတော့ တပ်မှူးတွေက ကျွန်တော့ဆီ တင်ပြလာတာပေါ့။”
အလားတူ ဧပြီလ ၂၀ ပတ်ဝန်းကျင်ကလည်း တပ်မဟာ ၄ဒေသ လွိုင်ကန်ဖက်ကို အစိုးရတပ်များ SSA-မြောက်ပိုင်းတပ်များကို တိုက်ခိုက်ရင်း နယ်ကျွံလာတာ ရှိသလို တပ်မဟာလေးရဲ့ တခြားနယ်မြေ တွေမှာလည်း တပ်တွေ တိုးချဲ့လာတာ ရှိတယ်လို့ သိရပါတယ်။ တပ်မဟာ ၄ နယ်မြေမှာ အစိုးရဖက်က တိုးချဲ့လာတဲ့ တပ်တွေဟာ ကွတ်ခိုင် ဗျူဟာ လက်အောက်ခံ တပ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတပ်တွေကြား နောက်ဆုံးအခြေအနေတွေကို RFA မှ ဦးတင်အောင်ခိုင်က တပ်မဟာ ၄ ဦးစီးမှူး ဗိုလ်မှူးကြီးဇော်ရော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |