ကျောက်တူးဖော်မှုကြောင့် ရွာပျက်တော့မယ့် ဖားကန့်မြို့ ကုဋေရွာ

2022.08.01
ကျောက်တူးဖော်မှုကြောင့် ရွာပျက်တော့မယ့် ဖားကန့်မြို့ ကုဋေရွာ ကချင်ပြည်နယ်၊ ‌ဖားကန့်မြို့နယ်၊ ကုဋေရွာကို အဝေးမှ မြင်ရစဉ်
Photo: Citizen Journalist

အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့မှာ တရားမဝင် ကျောက်တူးဖော်မှု တွေ ပိုများလာလို့ နှစ်ပေါင်း ၃၀ ကျော်နေထိုင်ခဲ့တဲ့ ကုဋေရွာအပါအဝင် ရွာတချို့ ပြောင်းရွှေ့ပေးရမယ့်အထိ ဖြစ်လာပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ရွာနယ်မြေတွေအထိ ကျောက်တူးဖော်တာတွေ များလာလို့ တစ်ရွာလုံး ပျက်စီးမယ့်အခြေအနေဖြစ်နေပြီလို့ ကုဋေရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ကုဋေရွာ အခုလောလောဆယ်က ရွာထိပ်ပိုင်း တစ်ရပ်ကွက်စာလောက်တော့ ပျက်နေပြီ။ အခုဝယ်ပြီးတဲ့ အိမ်တွေလည်း တော်တော်များများဝယ်ကြတယ်။ တချို့က တော့ အိမ်မဖျက်သေးတဲ့ သူတွေရှိတယ်။ တချို့က နေအိမ်ဖျက်ဖို့ နေရာရှာနေတဲ့သူတွေ ရှိတယ်ပေါ့"

ရွာထိပ်ပိုင်းက အိမ်ခြေ ၃၀၀ လောက်ကတော့ ရွှေ့ပြောင်းသွားကြပြီး ကျန်တဲ့အိမ်တွေ လည်း မိုးရာသီကုန်လို့ ကုမ္ပဏီတွေ လုပ်ငန်းပြန်စရင် အကုန်ရွှေ့ရဖို့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကုဋေရွာဟာ အိမ်ထောင်စု ၁၀၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀၀ ကျော် နေထိုင်ခဲ့တဲ့ရွာ ဖြစ်ပါတယ်။

ကုဋေရွာအပြင် မှော်မုံ၊ ဖားပြင်၊ ဆဘော့၊ နမ့်မှော်၊ မှော်ဆီဇာ၊ ဆွတ်အောင်နဲ့ တော်မှော် စတဲ့ရွာတွေလည်း ပြောင်းရွှေ့ရမယ့် အခြေအနေဖြစ်နေပြီလို့ ဒေသခံတွေက ပြောကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။