ရေးမြို့နယ်က ကုလားကုတ်ကျွန်းစီမံကိန်း ပွင့်လင်းမြင်သာမှုရှိဖို့ ဒေသခံတွေ တောင်းဆို
2020.12.12
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းမှာ တပ်မတော်က အကောင်အထည်ဖော်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ပွင့်လင်းမြင်သာစွာချပြဖို့နဲ့ သဘောတူညီချက်ရယူဖို့ ဒေသခံတွေက လိုလားနေပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းပေါ်မှာ တပ်မတော်က စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့ရှိတယ်ဆိုပြီး မြေနီလမ်းတွေ ဖောက်လုပ်နေတာမှာ လက်တလော လမ်းသစ်တစ်ခု ထပ်မံဖောက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတွေက သူတို့ရဲ့ ခြံမြေတွေ လမ်းဖောက်လုပ်တာထဲ ပါသွားမှာကို စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းက လမ်းတစ်ခုဖောက်လုပ်ခဲ့တာရှိပြီး ဒီလမ်းက ဒေသခံတွေရဲ့ မြေတွေကို ထိခိုက်မှုမရှိတာကြောင့် ဒေသခံတွေက သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ နောက်ထပ် လမ်းသစ်တစ်ခု ထပ်ဖောက်ဖို့ရှိတယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောဆိုတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖောက်လုပ်မယ့် လမ်းသစ်ဟာ အရှည်ပေ ၃၀၀၀၊ အကျယ်ပေ ၃၀၀ ရှိပြီး ခန့်မှန်းမြေဧက ၁၀ ဧက လောက် လမ်းဖောက်လုပ်မှုထဲ ပါသွားနိုင်ခြေရှိတယ်လို့ ဒေသခံတွေက တွက်ဆပါတယ်။
ဘာစီမံကိန်းလုပ်မယ်ဆိုတာ ပွင့်ပွင့်လင်းလင်းချပြတာမရှိလို့ လမ်းဖောက်လုပ်မှုနဲ့ စီမံကိန်းကို မလုပ်စေလိုဘူးလို့ ကုလားကုတ်ကျွန်း၊ ပသျှူးချောင်းရွာ ဒေသခံ ဦးမိုးဝင်းက RFA ကို ပြောပါတယ်။
“ကုလားကုတ်နဲ့ပတ်သက်ပြီးတော့ ငါးလုပ်ငန်းတွေရှိတယ်၊ ခြံလုပ်ငန်းတွေရှိတယ်။ ခြံသမားတွေက ခြံနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ကြတာပေါ့။ သူတို့ရဲ့စားဝတ်နေရေး ဒီခြံပဲ လုပ်တတ်တဲ့အတွက် အရင်းအနှီးကလည်း သူတို့မှာ မရှိဘူး။ ဒီခြံကိုပဲ အားကိုးပြီးလုပ်နေရတဲ့အတွက် ဒီခြံကိုပဲ စားဝတ်နေရေး အတွက်ပေါ့။ အဲဒါကြောင့် အဓိကတော့ ဒီလုပ်ငန်းကြီးကို ပေးမလုပ်စေချင်ဘူးပေါ့”
လမ်းဖောက်လုပ်မယ့် လျာထားချက်မှာ ဦးမိုးဝင်း မိသားစုပိုင် မြေဧက ၅ ဧကလောက် ပါသွားနိုင်ခြေ ရှိတယ်လို့ သူက ပြောပါတယ်။ လမ်းသစ်ဖောက်မယ့် နေရာတွေမှာ အမှတ်အသားအနေနဲ့ အလံတိုင်တွေ လာရောက်စိုက်ထူထားပြီး ဖြစ်ပါတယ်။
လေယာဉ်ကွင်းတည်ဆောက်မယ်လို့ သတင်းတွေထွက်နေပေမယ့် ဘာစီမံကိန်းဆိုတာကို အတိအကျ ပြောတာမရှိဘူးလို့ ကုလားကုတ်ကျွန်း၊ အပေါ်ဆိပ်ဒေသခံ ကိုအောင်မိုးဦးက ပြောပါတယ်။
“တပ်ကအဖွဲ့တွေလာပြီးတော့ ကျွန်တော်တို့ ကုလားကုတ်ကို ရေနက်ဆိပ်ကမ်းလုပ်မှာတို့ လေယာဉ်ကွင်း လုပ်မှာတို့ သတင်းတွေ ထွက်ပေါ်နေတာပေါ့။ အခုလက်ရှိအချိန်မှာတော့ သူတို့ဘာလုပ်နေလဲဆိုတာ ကျွန်တော်တို့ မသိရဘူး။ ဒါပေမဲ့ လုပ်နေတာတော့ လုပ်နေတာပဲ။ သူတို့တွေက အခုလက်ရှိက လမ်းဖောက်နေတယ်။ လမ်းဖောက်နေတယ်ဆိုတော့ ကျွန်တော်တို့ ရွာသူ၊ ရွာသားတွေလည်း အရင်က လှည်းလမ်းရှိနေတဲ့အတွက် သူတို့ ဘူဒိုဇာနဲ့ထိုးလိုက်ရင် ဒီလမ်းက ကောင်းမွန်လာမယ်။ သစ်တင်၊ ဝါးတင်ရင်လည်း လွယ်ကူလာမယ်။ အဲဒါနဲ့ ရွာသားတွေက ဒီအတိုင်းခွင့်ပြုထားကြတယ်။ အခုချိန်မှာကျတော့ အဲလိုမျိုးမဟုတ်တော့ဘူး။ ဘေးနှစ်ဖက်ကို နှစ်တောင်ဆီချဲ့မယ်၊ အမှန်က သူတို့ လုပ်နေတာနဲ့ ပြောနေတာနဲ့လွဲနေတယ်။ ပြီးတော့တကယ့်တကယ် စုံစမ်းမေးမြန်းတော့ ဘယ်လိုလုပ်နေတာလဲ၊ ဘာလုပ်တာလဲမေးတော့ သူတို့ဘက်က ဘာမှ ဖြေရှင်းချက်မပေးနိုင်ဘူး”
RFA က သွားရောက်မေးမြန်းကြည့်သလောက် ကုလားကုတ်ကျွန်းမှာ အကောင်အထည်ဖော်မယ့် စီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတွေက သိရှိနားလည်သူ မရှိသလောက်ဖြစ်နေပါတယ်။
RFA က ကုလားကုတ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံ သွားရောက်မေးမြန်းခဲ့ပေမယ့် တပ်နဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ မဖြေကြားလိုကြောင်း ပြောပါတယ်။
စီမံကိန်းကို ဒေသခံတွေကို ပွင့်ပွင့်လင်းလင်းချပြပြီးမှသာ အကောင်အထည်ဖော်သင့်တယ်လို့ ရေးမြို့နယ်၊ မြေယာသုတေသနဆိုင်ရာ ဆောင်ရွက်နေသူ ကိုစိုးသိန်းက မှတ်ချက်ပေးပါတယ်။
“လမ်းဖောက်တဲ့အနေအထားကို ကြည့်မယ်ဆိုရင် ဘာကြောင့်ဖောက်သလဲဆိုတာ စဉ်းစားရတာ ခက်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသခံမဟုတ်တဲ့ တပ်မတော်က ဦးဆောင်ပြီးတော့ လမ်းဖောက်တာဖြစ်တယ်။ ဘာရည်ရွယ်ချက်နဲ့ ဖောက်တာမသိဘူး။ အကောင်းဆုံးလို့ ပြောရမယ်ဆိုလို့ရှိရင် နိုင်ငံတကာစံချိန်စံညွှန်းအရ FBIC ပေါ့၊ စီမံကိန်းမစတင်မီမှာ ဒေသခံတွေကို ချပြသင့်တယ်၊ ဒီလိုမျိုး စီမံကိန်း မစတင်မီမှာ မချပြဘူးဆိုရင် ဒီစီမံကိန်းကတော့ ပွင့်လင်းမြင်သာတဲ့ စီမံကိန်းမဟုတ်ဘူးလို့ သုံးသပ်ရမယ်”
ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်ကလည်း ကုလားကုတ်ကျွန်းမြေ ၃၅၂၅ ဧကကို မောရခတီ ရေတပ်စခန်းဌာနချုပ် တပ်ပိုင်မြေအဖြစ် မြေပိုင်ရှင် ၉၂၀ ဦးကလည်း သဘောတူညီလက်မှတ်ရေးထိုးခဲ့ပြီ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားပြီးဖြစ်တဲ့အတွက် ပြန်လည်ပေးအပ်ဖို့ အစီအစဉ်မရှိကြောင်းကို ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတစ်ခုမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြောထားပါတယ်။ ဘယ်လိုစီမံကိန်းကို အကောင်အထည်ဖော်နေတာဖြစ်ပြီး ဒေသခံတွေရဲ့ မြေဧက ဆုံးရှုံးနိုင်ခြေ ရှိ၊ မရှိ တပ်မတော်ဘက်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီဇင်ဘာလဆန်းပိုင်းကလည်းက မေးမြန်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကုလားကုတ်ကျွန်း ကျေးရွာအုပ်စုမှာ အပေါ်ဆိပ်၊ အလယ်ဆိပ်၊ အောက်ဆိပ်နဲ့ ပသျှူးချောင်းကျေးရွာ လေးရွာရှိပြီး အိမ်ခြေတစ်ထောင်ကျော်နဲ့ လူဦးရေ ၄၀၀၀ ကျော်ရှိပါတယ်။
ဒေသခံတွေဟာ ငါးဖမ်းလုပ်ငန်း၊ သစ်၊ ဝါး၊ ရော်ဘာ အစရှိတဲ့ ခြံစိုက်ပျိုးရေးလုပ်ငန်းနဲ့ လယ်ယာ လုပ်ငန်းတွေကိုလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေကြတာဖြစ်ပါတယ်။