ဖမ်းဆီးခံကျောင်းသားများ ပြန် လွှတ်ရေး ကလေးမြို့မှာ ဆန္ဒပြ


2015.03.30
letpadan-court-305.jpg ကျောင်းသားသပိတ်ဖြိုခွင်းပြီး ဖမ်းဆီးခံထားသူတွေကို မတ်လ ၁ဝ ရက်နေ့က လက်ပံတန်းမြို့မှာ ရုံးထုတ်လာစဉ်
Photo: Aung Ko Ko/RFA

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းမှုကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ဒေသခံ ၁၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ မြို့ခံ ဦးအုပ်လျန် က ကျောင်းသူ ကျောင်းသားတွေရဲ့ တောင်းဆို ချက်တွေဟာ တရားမျှတတယ်လို့ ယုံကြည်တာကြောင့် အခုလို ဆန္ဒပြတောင်းဆို တာဖြစ်ကြောင်း ပြောပါတယ်။

"နိုင်ငံသားများရဲ့ အခွင့်အရေးကို အခြေခံဥပဒေမှာ အတိအလင်းဖော်ပြထားပါလျှက်နဲ့ ပုဒ်မအမျိုးမျိုး တပ်ပြီးတော့ နှိပ်ကွက်နေတာကို ကျနော်တို့ ရှုတ်ချတာဖြစ်ပါတယ်၊ ကျောင်းသားတွေရဲ့ တောင်းဆို မှုကို အကြမ်းမဖက်ဘဲနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ရပါ လျှက်နဲ့ ဒီလိုဖြေရှင်းခံရတယ်၊ ကျောင်းသားတွေရဲ့ ပညာရေးပြောင်းလဲမှုအတွက် သူတို့ရဲ့တောင်းဆိုမှု ကလည်း မှန်ကန်တယ်လို့ ကျနော်တို့ကလည်း ထင်မြင်ယူဆမိတဲ့အတွက် ကျောင်းသားတွေကို ကျနော်တို့ ဝန်းရံပေးချင်တယ်၊ ဆန္ဒထုတ်ဖော်နေတဲ့ ကျောင်းသားများကို ဖြိုခွင်းခြင်းကို ကျနော်တို့ရှုတ်ချပါတယ်"

အစိုးရက အကြမ်းဖက်ဖြိုခွင်းတဲ့အပေါ် ဝမ်းနည်းတဲ့အထိမ်းအမှတ်အဖြစ် အနက်ရောင်တီရှပ်တွေနဲ့ "Respect Our Rights" စာတမ်းပါ အဖြူရောင်လက်ပတ်တွေကို ဝတ်ဆင်ပြီး ဆန္ဒပြလမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖဲ့ွအစည်း တို့လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။