ကမန်တိုင်းရင်းသားတွေ လွတ်လပ်စွာ သွားလာနိုင်


2016.08.15
kaman-620.jpg ကမန်အမျိုးသားတိုးတက်ရေးပါတီ(ဗဟို)မှ ပါတီခေါင်းဆောင်များကို သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် တွေ့ရစဉ်
Photo: ကမန်အမျိးသားတိုးတက်ရေးပါတီ/ Facebook

ကမန်တိုင်းရင်းသားတွေအနေနဲ့ ပြည်တွင်းမှာ အထောက်အထားမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူတွေက ကမန်အမျိုးသား တိုးတက်ရေး ပါတီနဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်ပါတယ်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေရဲ့ ညွန်ကြား ချက်နဲ့ မြို့နယ်တိုင်းကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ တွေ့ဆုံခဲ့တဲ့ ကမန်အမျိုးသား တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ပြောပါတယ်။

"တိုင်းရင်းသားတွေဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ်သွားပါ၊ ဘာမှ ဘယ်သူ့ကိုမှ ကန့်သတ်ချုပ်ချယ်မှု မရှိတဲ့ အခြေအနေကိုလည်း ကျနော် အကုန်လုံးကို မြို့နယ်တိုင်းကို ပြောဆိုထားပြီးဖြစ်ပါတယ်၊ အဲ့ဒါကြောင့် ခင်ဗျားတို့ အနေနဲ့ လွတ်လွတ်လပ်လပ်သွားပါဆိုပြီး ပြောတယ်ပေါ့နော်"

အရင်က ကမန်တိုင်းရင်းသားတွေဟာ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာမြို့နယ်လဝကရုံးတွေမှာ ထောက်ခံချက်ရယူ ပြီးမှသာ ရက်အကန့်အသတ်နဲ့ သွားလာခွင့်ရရှိတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ ကမန်တိုင်းရင်းသားတွေ ရဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်ပေးဖို့ နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ကို တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ ကမန်တိုင်းရင်းသား ကလေး ငယ်တွေရဲ့ ပညာရေးကိစ္စတွေနဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးကိစ္စတွေကိုလည်း ဝန်ကြီးချုပ် ဦးညီပုနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တာဝန်ရှိသူတွေကို တွေ့ဆုံတင်ပြသွားဖို့ရှိပါတယ်။

တစ်နိုင်ငံလုံးမှာ ကမန်တိုင်းရင်းသား အရေအတွက် ငါးသောင်းဝန်းကျင်ရှိပြီး ကမန်တိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ အများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။