ကနီမြို့နယ်မှာ မိုးသက်လေပြင်းကြောင့် နေအိမ် ၁၅၀ ဝန်းကျင်ပျက်စီး
2023.04.22

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဧပြီလ ၂၁ ရက် မနေ့ညနေ ၅ နာရီဝန်းကျင်က မိုးရွာသွန်းပြီး လေပြင်းပါ တိုက်ခတ်ခဲ့တာကြောင့် ရွာပေါင်းရှစ်ရွာက နေအိမ် ၁၅၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
၄၅ မိနစ်ဝန်းကျင်လောက် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အပြင် မိုးသီးတွေပါ ကျခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
အိုင်တောင်(အရှေ့)၊ အိုင်တောင်(အနောက်) နဲ့ အိုင်တောင်(မြောက်) ရွာတွေက ထိခိုက်မှုအများဆုံးဖြစ်ပြီး အနီးပတ်ဝန်းကျင် ရွာငါးရွာမှာလည်း ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အမိုးတွေလန်တာ၊ အကာတွေပြုတ်ထွက်သွားတာပေါ့။ အဓိက အိုင်တောင်အရှေ့ရွာ၊ အနောက်ရွာ၊ မြောက်ရွာက အဆိုးဆုံးပဲ။ ကျန်တဲ့ရွာတွေကတော့ တစ်လုံးစနှစ်လုံးစ အဲလောက်ပဲထိခိုက်တာ”
နေအိမ်တွေ အများဆုံးပျက်စီးခဲ့တဲ့ ရွာသုံးရွာမှာ စုစုပေါင်းအိမ်ထောင်စု ၆၀၀ ဝန်းကျင်ရှိပြီး ဆေးလိပ်ခုံလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာကြောင့် လုပ်ငန်းသုံးပစ္စည်းတွေပါ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
ဒါ့အပြင် ကနီမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတချို့ပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဧပြီ ၅ ရက်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၈ သန်းကျော်ရှိပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာပါ ထွက်ပြေးပုန်းရှောင်နေရလို့ မိုးရာသီရောက်ရင် ကြုံရမယ့် အခက်အခဲတွေအတွက် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။