ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂိတ်စခန်းတစ်ခု ဒရုန်းနဲ့ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) ရဲ့ စစ်ဆေးရေး ဂိတ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ဆေးရေး ဂိတ်မှာ တာဝန်ကျနေတဲ့ PDF ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပုလောမြို့နယ် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) က RFA ကို ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက် မနေ့က တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အခုလို ဒရုန်းအသုံးပြုပြီး တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ခရိုင်တာဝန်ခံက RFA ကို ပြောပါတယ်။
“ဒါက တနင်္သာရီတိုင်းထဲမှာ ပထမဆုံးအကြိမ်ပဲ။ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ် နယ်မြေထဲမှာပဲ ဂိတ်စခန်းဖွင့်ထားတာ။ ဗုံးသီးကတော့ ထိပ်ဖူးမှာ ကတ်ထည့်ထားတဲ့ ထိခွဲဗုံးသီးအမျိုးအစားပါ။ အသေးစိတ်တော့ မသိရသေးဘူးခင်ဗျ။ ဒီဟာက သတိထားရ မယ့် အခြေအနေပေါ့။ ရန်သူကို အထင်မကြီးသလို အထင်သေးလို့လည်း မရတဲ့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားရမှာပါ”
စစ်ကောင်စီဘက်က ဒရုန်းအသုံးပြုပြီး ဗုံးသီးသုံးလုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဂိတ်စခန်း မှာ တာဝန်ကျနေတဲ့ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ကရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) က မနေ့က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန် ပါတယ်။
ပုလောမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေကို တားဆီး စစ်ဆေးဖို့ စစ်ဆေးရေး ဂိတ်စခန်းတစ်ခုအဖြစ် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) က ကရင်အမျိုးသားအစည်အရုံး (KNU) ရဲ့ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေထဲ ဖွင့်ထား တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ် စခန်းချတဲ့ ပုလော မြို့နယ်၊ နန်းတော်ရွာ စစ်ဆေးရေးဂိတ်ကို ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) နဲ့ မဟာမိတ်အဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ထိခိုက်ခဲ့ တယ်လို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) က ထုတ်ပြန်ထားပါတယ်။