NLD ပါတီရုံးချုပ်ရှေ့ ဆန္ဒပြပွဲဦးဆောင်သူ ၃ ဦး ဖမ်းဆီးခံရ
2018.05.19

မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ကရင်တိုင်းရင်းသားတွေရဲ့ သိမ်းဆည်းခံရတဲ့ လယ်ယာမြေပြဿနာအရေးကို ဖြေရှင်းပေးဖို့ ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်ရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို သူတွေထဲက ဦးဆောင်သူ ၃ ဦးကို ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ခွင့်ပြုမိန့် မပေးထားသလို ဆန္ဒပြခွင့်မရှိတဲ့ ဗဟန်းမြို့နယ်မှာ ဆန္ဒပြတာကြောင့် ခေါင်းဆောင်တွေကို ငြိမ်းစုစီ ဥပဒေနဲ့ ဖမ်းဆီးလိုက်တာလို့ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်းက ပြောပါတယ်။
"ဆန္ဒပြမှာကို ဥပဒေ လုပ်ထုံးလုပ်နည်းအရ ငြိစွန်းတဲ့အချက်အလက်တွေ၊ နောက်ပြီးတော့ ကျနော်တို့ ဒီမှာ ဆန္ဒဖော်ထုတ်ခွင့်မရတဲ့ ၁၁ မြို့နယ်ထဲမှာလည်း ဗဟန်းက ပါတယ်။ အဲတွက်ကြောင့် ကျနော်တို့က သူတို့ကို နှုတ်နဲ့လည်း ရှင်းပြတယ်။ နောက် တယ်လီဖုန်းနဲ့လည်း ရှင်းပြတယ်။ ပြီးလည်းပြီးရော စာလည်း သူတို့ကို ပို့ပေးတယ်။ လုပ်တဲ့အခါကျတော့ ကျနော်တို့က တားတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ ကျနော်ပါတယ်၊ ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးပါတယ်။ အကုန်လုံးပေါ့လေ။ ကျနော်တို့ ဖြေလျော့ရေးအဖွဲ့က အားလုံး တားပါတယ်။ တားတဲ့ကြားထဲကကို နော်အေးအေးကြိုင်ပေါ့ဗျာ။ သူကတော့ ခေါင်းဆောင်သူပေါ့နော်၊ အမိုးကို ကျနော်တို့ တားတဲ့ကြားထဲကကို သူတို့က မရဘဲနဲ့ ဆက်လုပ်တာကြောင့် နောက်ဆုံးတော့ ကျနော်တို့က ဒီလူစုလူဝေးကို ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းပဲ ဖြိုခွင်းပြီးတော့မှ တာဝန်ရှိတဲ့ ခေါင်းဆောင်ပါဝင်တဲ့သူ နော်အေးအေးကြိုင်ရယ်၊ အမျိုးသားနှစ်ယောက်ရယ်၊ သုံးယောက်ကိုတော့ ရဲစခန်းခေါ်သွားပြီးတော့မှ ဥပဒေက ဆက်လက်ပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ပဲ သွားမှာပါ"
ရုန်းရင်းဆန်ခတ်ဖြစ်စေတာ၊ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေတာ၊ အထိတ်တလန့်ဖြစ်စေတာ၊ အများပြည်သူသွားလာမှု အခက်အခဲဖြစ်စေရင် ရဲတပ်ဖွဲ့အနေနဲ့ တားမြစ်အရေးယူနိုင်တယ်လို့ ရဲမှူး သိန်းဝင်းက ပြောပါတယ်။
ဆန္ဒပြသူ ၅ဝ ကျော်ဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကနေ လာရောက်ကြသူတွေဖြစ်ပြီး မြေစစ်ကော်မတီဖွဲ့စည်းမှု ပြင်ဆင်ပေးဖို့ မတရားမြေယာသိမ်းဆည်းခံရမှုတွေကို ဖြေရှင်းပေးဖို့တို့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဘီးလင်းမြို့နယ်မှာ ၁၉၈၄-၈၅ ခုနှစ်က သိမ်းဆည်းခံရတဲ့ လယ်ယာမြေဧက ၁၃ဝဝ ကျော်အရေးကို ဖြေရှင်းပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြဖို့ ခွင့်ပြုထားပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသိအောင် ပါတီရုံးချုပ်ရှေ့မှာ ဆန္ဒထုတ်ဖော်တာလို့ ပြောကြပါတယ်။
လာမယ့် မေလ ၂၁ ရက်နေ့မှာလည်း နိုင်ငံတော် သမ္မတရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။