ကရင်အမျိုးသားတစ်ဦး သေဆုံးမှု တပ်မတော်နဲ့ အဖွဲ့အစည်းတွေထုတ်ပြန်မှု ကွဲလွဲနေ
2018.04.12

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ခေးပူရွာနဲ့ လွယ်မူပလောကို ဆက်သွယ်ထားတဲ့လမ်းမှာ တပ်မတော်က လမ်းဖောက် လုပ်ရေးတွေလုပ်နေချိန် မိုင်းထောင်ဖို့ ကားလမ်းပေါ်တက်လာတဲ့ မသင်္ကာဖွယ် အရပ်ဝတ်နှစ်ဦးကို ပစ်ခတ်ဖမ်းဆီး ခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးခဲ့သူဟာ ကရင်ပြည်နယ် ဖာပွန်ခရိုင်က အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့ဝင် စောအိုမူးဖြစ်ပြီး လွန်ခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကစပြီး ကရင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့သူဖြစ် တယ်လို့ လူ့အခွင့်ရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက မနေ့က သတင်းထုတ်ပြန်ပါတယ်။
တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောကြားချက်တွေဟာ မတူညီတဲ့အတွက် ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့လိုအပ်ကြောင်း ညီမျှခြင်းမြန်မာအဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
"ကျနော်တို့ ဒီလက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိတဲ့ ပြည်သူတွေကြားထဲမှာ ဒီလိုမျိုးစွပ်စွဲပြီးတော့ လုပ်ဆောင် တာတွေရှိနေတယ်။ နောက်တစ်ခါ ကျုးလွန်ပြီးတော့မှ တခြားဘက်ကို နာမည်တပ်ပြီးလုပ်ေဆောင်တဲ့ သဘောသဘာဝတွေရှိနေတယ်။ ဒီတစ်ယောက်တည်းမကပါဘူး အရင်ကလည်း ရှိနေခဲ့ပါတယ်။ ကိုပါကြီး ကိစ္စတုန်းကလည်း အဲဒီလိုမျိုး စွပ်စွဲပြီးတော့ လုပ်ဆောင်မှုတွေက မှန်ကန်ပါတယ်လို့ ပြောကြားချက်တွေက ရှိနေတယ်။ အဲဒီတော့ ကျနော်တို့ ပြောချင်တဲ့ ကိစ္စတစ်ခုကတော့ တစ်ဖက်ကလည်း ဒီဟာက သာမာန်အရပ် သားပါ။ လူ့အခွင့်အရေးကိစ္စ လုပ်နေတဲ့သူပါပြောတယ်။ တဖက်ကလည်း ဒါဖောက်ခွဲရေးလုပ်နေ တယ်လို့ပြောတယ်။ ဒီတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ လိုအပ်နေပါပြီခင်ဗျ။ တကယ် ဘယ်ဟာကမှန်ကန်နေလဲ ဘယ်လိုမျိုးဖြစ်နေပြီလဲဆိုတာကို တိတိကျကျ စုံစမ်းပြီးတော့ ကျုးလွန်မှုတွေရှိမယ်ဆိုရင် တိတိကျကျအရေးယူပါမှ စစ်မှန်ပါလိမ့်မယ်"
ခေးပူရွာနဲ့ လွယ်မူပလောရွာကို ဆက်ထားတဲ့ လမ်းဟောင်းကို ဒေသခံပြည်သူတွေသုံးဖို့နဲ့ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်တွေမှာ လွယ်ကူစေဖို့အတွက် ပြန်ပြင်မယ့်အကြောင်းကို နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNU/KNLA အဖွဲ့ကို ကြိုတင်အကြောင်းကြားခဲ့တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီလမ်းဖောက်လုပ်ရေး လုပ်ကိုင်နေချိန်မှာ တပ်မတော်စစ်ကြောင်းတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့က မိုင်းထောင်တာ၊ နှောင့်ယှက်ပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် တပ်မတော်ဘက်က စစ်သည်တချို့လည်း ကျဆုံးတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။
တပ်မတော်ကို နှောင့်ယှက်ပစ်ခတ်ဖို့နဲ့ မိုင်းထောင်ဖို့ ရောက်လာတဲ့ အရပ်ဝတ် ၂ ယောက်ကို စစ်ဆေးဖို့ခေါ်ပေမယ့် ထွက်ပြေးတာကြောင့် ပစ်ခတ်ခဲ့ရာမှာ တစ်ယောက်ကို အသေဖမ်းမိပြီး ဗုံးသီးတွေနဲ့ ပစ္စည်းတချို့ကို တွေ့ရတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အသတ်ခံရတာဟာ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့သူတွေအတွက် လုံခြုံရေးကင်းမဲ့နေတာကို ဖော်ပြနေသလိုဖြစ်တာကြောင့် အစိုးရအနေနဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေကို ထိထိရောက်ရောက် ကာကွယ်ပေးဖို့ တောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။