ဖာပွန်ခရိုင်မှာ ကူညီထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦး သေဆုံး


2018.04.09
sawomu-622.jpg MEAT အဖွဲ့ဝင် စောအိုမူး ကို တွေ့ရစဉ်
Photo: Karen Peace Support Network Facebook

အစိုးရတပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်က ဒေသအရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့ MEAT ရဲ့ အဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပါတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ အစိုးရတပ်မတော်က သတ်မှတ်နေရာကျော်လွန်တာတွေနဲ့ စစ်ရေးသဘောဆောင် အင်အားတိုးချဲ့မှုတွေရှိနေတယ်လို့ ဖာပွန်ခရိုင်ဒေသ အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း က ပြောပါတယ်။

“ကျနော်တို့ NCA ကို ပြန်ကြည့်ပြန်ရင်လည်းပဲ အခုလိုမျိုး သတ်မှတ်နေရာ ကျော်လွန်တာတွေ၊ စစ်ရေး သဘောဆောင်တဲ့ ပြုမူမှုတွေ၊ စစ်ဆင်ရေး လမ်းဖောက်လုပ်တာတွေ၊ တပ်အင်အားတိုးချဲ့တာတွေ ဒါတွေကတော့ NCA ပေါ်မှာတော့ အတိအလင်းဖော်ပြထားတယ်။ ဒါတွေက မလုပ်ရဘူးဆိုတာ။ ဒီအပေါ်မှာ လူ့အခွင့်အရေးအရလည်း ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ တချိန်တည်းမှာလည်း လူမှုရေးဝန်ထမ်း ကိုယ်တိုင်ကိုက အန္တရာယ်တွေဖြစ်လာတယ်။ လုံခြုံမှု မရှိဘူး။ ပစ်သတ်ခံရတာတွေဖြစ်လာတဲ့အခါကျတော့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ပဲ မှတ်ယူရမှာဖြစ်ပါတယ်”

တပ်မတော်ဟာ တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်ရုံမကဘဲ လူ့အခွင့်အရေးကိုပါ ချိုးဖောက်ရာရောက်တယ်လို့ MEAT အဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခုလ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ MEAT အဖွဲ့ဝင် စောအိုမူး သေနတ်ထိမှတ် သေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ စောအိုမူးဟာ ဖာပွန်ခရိုင် အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ MEAT ရဲ့ အဖွဲ့ ဝင်ဖြစ်သလို KNU ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တို့ဟာ ပြီးခဲ့တဲ့ မတ်လဆန်းက စတင်ပြီး မူတြော်ခရိုင်၊ ဖာပွန်ဒေသ၊ လယ်မူပလောဒေသတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ရွာပေါင်း ၁၆ ရွာက ဒေသခံ နှစ်ထောင်ကျော်ဟာ နီးစပ်ရာနေရာတွေမှာ ထွက်ပြေးခိုလှုံနေကြရတာဖြစ်ပါတယ်။

အစိုးရတပ်မတော်က နယ်မြေခံတပ်စခန်းမကဘဲ တပ်ရင်း ၆ ရင်းလောက်တိုးချဲ့ပြီး တပ်အင်အား ၄၀၀ ကျော် တိုးချဲ့လာတဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ထံလည်း အကြောင်းကြားထားတယ်လို့ ပဒိုမန်းမန် က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကို ကူညီကယ်ဆယ်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ MEAT ကို ကရင်အမျိုးသား အစည်းအရုံး KNU က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာကိုရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေ အဓိက ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။