ကရင်စစ်ဘေးဒုက္ခသည်တွေ ကို ပြည်နယ်အစိုးရက ပြန်ပို့နိုင်ဖို့ စီစဉ်နေ
2016.09.22

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသက တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်ကို ကရင်ပြည်နယ်အစိုးရက သက်ဆိုင်ရာကျေးရွာတွေကို ပြန်ပို့ပေးဖို့ ပြင်ဆင်နေ ပါတယ်။
ဒုက္ခသည်တွေကို ပြန်ပို့နိုင်ဖို့ ကားတွေအဆင်သင့်ပြင်ဆင်ထားတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ မွန်တိုင်းရင်သားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ပြောပါတယ်။
"ကားတွေတော့ စီစဉ်ထားပြီးပြီ၊ နောက် စာရင်းကောက်ရသေးတယ်ဗျ၊ ပြန်မလား၊ သူတို့ ဒေသရော တကယ်ပဲ အေးချမ်းသွားပြီလား အသေးစိတ်စုံစမ်းနေတယ်၊ ပြန်မယ်ဆိုရင် ပြန်၊ မပြန်ဘူး သူတို့ ဒီမှာနေဦးမယ်၊ သူတို့ ကြောက်နေတယ်၊ လန့်နေတယ်ဆိုရင်လည်း နေဦး"
တိုက်ပွဲတွေကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေကို အစိုးရအဖွဲ့က ပြန်လည် တည်ဆောက်ပေးမှာဖြစ်ပြီး စားသောက်ရေးကိုလည်း ထောက်ပံ့သွားမယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ က ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေ အန္တရာယ်ကင်းကင်းနဲ့ နေရပ်ပြန်နိုင်ဖို့အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နဲ့အတူ မြိုင်ကြီးငူဆရာတော်၊ တပ်မတော်တို့ကပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ဝ ရက်နေ့ကတည်းက မဲသဝေါဒေသမှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF၊ တပ်မတော်နဲ့ DKBA ခွဲထွက် အဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၂၂ ရွာက စစ်ဘေးရှောင်ဒုက္ခသည် လေးထောင်ကျော်ဟာ မြိုင်ကြီးငူဒေသမှာ ခိုလှုံနေရပါတယ်။
ဒီစစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးတွေကို ကရင်ပြည်နယ် အစိုးရအဖွဲ့၊ မြိုင်ကြီးငူဆရာတော်နဲ့ အရပ်ဘက်အဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေပါတယ်။
စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့စီစဉ်နေတာနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့က မွန်တိုင်းရင်းရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။