အီတူးထာ့ ဒုက္ခသည်စခန်း အကူအညီလိုအပ်


2017.09.14
karen-refugees-camp-622.jpg အီတူးထာ့ပြည်တွင်းစစ်ရှောင် ကရင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: Karen Share facebook

အခု စက်တင်ဘာလကုန်မှာ ကူညီထောက်ပံ့မှုတွေ ရပ်စဲခံရတော့မယ့် အီတူးထာ့ပြည်တွင်း စစ်ရှောင် ကရင် ဒုက္ခသည်စခန်းကို ဆက်လက်အကူအညီပေးဖို့အတွက် အီတူးထာ့ ပံ့ပိုးရေးကော်မတီက နိုင်ငံတကာအလှူရှင်တွေ နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ မေတ္တာရပ်ခံစာတစ်စောင် ပေးပို့လိုက်ပါတယ်။

ပြည်တွင်းနေရပ်စွန့်ခွာ ပြည်သူလူထုပံ့ပိုးရေး ကြိုတင်ပြင်ဆင်ရေးကော်မတီ ဥက္ကဌ ပဒိုစော နေသာဘလေးက အခုလို ပြောဆိုပါတယ်။

"ကူညီထောက်ပံ့မှုတွေကတော့ လျော့နည်းလာတာကြာပြီ၊ ဒီလထဲမှာတော့ ပြတ်သွားမှာပေါ့လေ၊ မရှိတော့ဘူး၊ ဒီလထဲမှာ ပြတ်ပြီဆိုရင် သူတို့ဆက်သွားမယ့် နောက်ထပ် နှစ်လ သုံးလအတွက် ဘာမှ မရှိတော့ဘူးဆို အခက်အခဲတော့ ပေါ်လာမယ်၊ အဓိကက သူတို့ပြန်မယ့်နေရာတွေက သူတို့က မပြန်ရဲဘူး၊ မပြန်ရဲတဲ့အတွက်ကြောင့် သူတို့ဆက်ပြီးတော့ အခြေအနေကြည့်ရဦးမယ်၊ ပြီးတော့ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်ရမလဲ၊ ပြန်ပြီးတော့ နည်းနည်း လူအခြေအနေကို ပြန်ပြီးတော့သုံးသပ်ပါ"

အဲဒီ မေတ္တာရပ်ခံစာမှာ အီတူးထာ့ ပြည်တွင်းစစ်ရှောင်စခန်း ဖြစ်ပေါ်လာရတဲ့ နောက်ခံအကြောင်းအရင်းတွေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ အစိုးရနဲ့ စစ်တပ်အကြား အခြေအနေတွေအပြင်၊ လတ်တလောလိုအပ်နေတဲ့ အရေးပေါ်အကူအညီနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေဖြစ်တဲ့ ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ အသက်မွေးဝမ်းကျောင်း၊ နယ်မြေအနေအထား စတဲ့အခြေအနေတွေကို ထည့်သွင်းရေးသားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်တိုးတက်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအရ ခိုင်မာ တဲ့ပြောင်းလဲမှု တစုံတရာမရှိသေးတဲ့အပြင် ပြည်တွင်း နေရာရွှေ့ပြောင်းရသူတွေရဲ့ နေရပ်ဒေသတွေမှာ အစိုးရတပ်စခန်းတွေ အခြေချမထားသေးတာကြောင့် ဒုက္ခသည်တွေအတွက် ဘဝလုံခြုံမှုအာမခံချက် မရှိသေးကြောင်းလည်း ဖော်ပြထားပါတယ်။

အလားတူ နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံးကလည်း နိုင်ငံတကာ အစိုးရတွေနဲ့ နိုင်ငံတကာ လူမှု ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လည်နေထိုင်ရေးကို အဆောတလျင် မလုပ်ဖို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။

အီတူးထာ့ ဒုက္ခသည်စခန်းဟာ ၂၀၀၆ ခုနှစ်က ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ဘေးမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိ ဒုက္ခသည် သုံးထောင်ကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။