ကရင်ဒေသတိုက်ပွဲကြောင့် ဒုက္ခသည်လေးထောင်ကျော် ထိုင်းကိုရောက်

ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ကစလို့ ထိုင်းနိုင်ငံအတွင်း ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၄၄ဝဝ ကျော် ရှိနေတယ်လို့ ထိုင်းစစ်တပ်က မနေ့က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာစစ်တပ်တို့ရဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေနဲ့ ယာယီနေထိုင်ဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် လေးကေ့ကော်မြို့မှာ NLD ပါတီဝင်တွေအပါအဝင် စစ်ကောင်စီဆန့်ကျင်သူတွေကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့တုန်းက ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီတပ်နဲ့ ကရင်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ကြပြီး ဒုက္ခသည်တွေလည်း ထိုင်းနိုင်ငံအတွင်း ခိုလှုံလာခဲ့ကြတာလို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။