ကရင်နီတပ်မတော်နေ့ လွတ်မြောက်နယ်မြေမှာ ကျင်းပ
2021.08.17
ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီပြည်တပ်မတော် (KA) တည်ထောင်ခြင်း ၇၃ နှစ်ပြည့် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာရှိ ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့ပြီး တာဝန်ရှိသူတွေ၊ ကရင်နီရဲဘော်ရဲမေတွေနဲ့အတူ အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီးတဲ့ နောက် ကရင်နီတပ်မတော်ထဲ ပူးပေါင်းလာတဲ့ ရဲဘော်ရဲမေတွေလည်း တက်ရောက်ခဲ့ပါတယ်။
ကရင်နီပြည်သူတွေ ဖိနှိပ်ခံနေရတာကို ကာကွယ်ဖို့ ကရင်နီတပ်မတော်ကို ဖွဲ့စည်းထားတာလို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
"ဖွဲ့စည်းရတဲ့ အကြောင်းအရင်းက ကျနောတို့ ကရင်နီ (ကယား) ပြည် တစ်ချိန်တုန်းက သီးခြားနေတဲ့ ပြည်နယ်တစ်ခု ဖြစ်တယ်လေ။ အဲတော့ ဒီနေ့အထိပေါ့ ဒီ ဗမာ အာဏာရှင်ပေါ့နော။ ကျနော်တို့ ပြည်နယ် ကို လာပြီးတော့မှ ကျူးကျော်စိုးမိုးပြီးတော့မှ အနိုင်ကျင့်တဲ့ ကိစ္စကတော့ လူတိုင်းလည်း သိပြီးသားပဲလေ။ ကမ္ဘာက သိတယ်။ ကျနော်တို့ တပ်ဖွဲ့တာကတော့ အမျိုးသားအတွက် ပြည်နယ်အတွက် ပြန်ပြီးတော့မှ ကိုယ့်ကိုယ် အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် တပ်ဖွဲ့ထားခြင်းဖြစ်တယ်"
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီတပ်မတော် (KA) ကို ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ရှစ်လအကြာ ဩဂုတ်လ ၁၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ တာဖြစ်ပြီး၊ ကျူးကျော်လာတဲ့ စစ်အာဏာရှင်မှန်သမျှကို တိုက်ထုတ်နိုင်ခဲ့တယ်လို့လည်း ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
ဒီကနေ့ သက်တမ်း ၇၃ နှစ်ပြည့်ပြီဖြစ်တဲ့ ကရင်နီတပ်မတော် (KA) ဟာ လက်ရှိ ကယားပြည်နယ်မှာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့တပ်ဖွဲ့ လည်း ဖြစ်ပါတယ်။ KNPP ပါတီ ဗဟိုဌာနချုပ်က ဒီနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်နဲ့ ပြောင်းလဲအုပ်ချုပ်နိုင်ဖို့ ကရင်နီပြည်တပ်မတော်နဲ့ ဘဝတူ တိုင်း ရင်းသားအားလုံး ပူးပေါင်းကြိုးပမ်းနေတဲ့အပေါ် နိုင်ငံရေးမျက်ခြေမပြတ်ဖို့ ကရင်နီတပ်မတော်ကို တိုက်တွန်း ထားပါတယ်။
"တိုက်ပွဲအတွင်းမှာ အသတ်ခံရတာတို့ အဲဒါမျိုးတွေရှိတော့ သူတို့က မပြန်ဘဲနဲ့ တောထဲမှာကျန်ခဲ့တဲ့လူတွေ အတော်များများရှိတယ်"
ကရင်နီတိုင်းရင်းသားတွေဟာ စစ်အာဏာရှင်အဆက်ဆက် ဖိနှိပ်ခံနေရတာ နှစ် ၇၀ ကျော်ပြီမို့ စစ်အာဏာရှင် ပြုတ်ကျရေး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်နီတပ်နဲ့ ပူးပေါင်းလာတဲ့ CDM ရဲမေတစ်ဦးက RFA ကို ပြောပါတယ်။
"ကျမတို့ ၇၃ ကြိမ်မြောက် တပ်မတော်နေ့ပေါ့နော၊ ကျမတို့ ဘိုးဘွားတွေပေါ့နော။ သူတို့ ခံခဲ့ရတာတွေ များနေပြီပေါ့နော။ နှစ်ခုနစ်ဆယ်ကျော်နေပြီဆိုတော့ ကျမတို့ ဒီကရင်နီပြည် ပြန်လည်ရရှိဖို့အတွက် ပေါ့နော။ ကရင်နီလူမျိုးတွေနဲ့အတူ ကျမတို့ ကရင်နီတပ်မတော်နဲ့ အတူတူပေါ့နော။ အတူပူးပေါင်း ပြီးတော့ အဆုံးထိတိုက်ပွဲဝင်မှာဖြစ်ပါတယ်"
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဟာ ၂၀၁၂ ခုနှစ် မတ်လ ၇ ရက် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်မထိုးထားပါဘူး။
KNPP ဟာ NCA ကို လက်မှတ်မထိုးထားပေမယ့် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာမသိမ်းခင်အထိ ကယားပြည်နယ်မှာ တိုက်ပွဲလုံးဝ မရှိခဲ့ပါဘူး။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ မေလကုန်ပိုင်း ကစလို့ KNPP လက်အောက်ခံ KA နဲ့ စစ်ကောင်စီတပ်တွေအကြား ကယားပြည်နယ်မှာ တိုက်ပွဲတွေဖြစ် လာခဲ့ပါတယ်။
လက်ရှိမှာလည်း (KA) နဲ့ (KNDF) ပူးပေါင်းတပ်က ကယားပြည်နယ်မှာ ခုခံစစ်ဆင်နွှဲနေတာကြောင့် လွိုင်ကော်၊ ဖရူးဆိုး၊ ဒီးမော့ဆိုနဲ့ မိုးဗြဲမြို့နယ်တွေမှာသာမက ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်တွေအကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေထဲမှာ နယ်စပ် ကရင်နီဒုက္ခသည်စခန်းကို ထောင်ဂဏန်းလောက်ပဲ ရောက်လာပြီး အများစုကတော့ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ တောနက်ထဲမှာ ဖြစ်သလိုနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ယောက်က RFA ကို ပြောပါတယ်။
“ပြီးခဲ့တဲ့ အရင်တကျော့ပြန် တိုက်ပွဲဖြစ်ကတည်းက တောထဲမှာ ကျန်ခဲ့တဲ့သူတွေ အများကြီးရှိတယ်၊ Camp တွေ ဖွင့်ထားတဲ့နေရာတွေရှိသလို မိသားစုတွေက သူတို့လုံခြုံတယ်ထင်တဲ့ နေရာတွေမှာပဲ မိသားစုအလိုက် သွားပြီးမှ ပုန်းခိုကြတဲ့လူတွေ အတော်များများရှိတယ်၊ ကျနော်တို့ လိုက်ပြီးတော့မှ သွားတွေ့တာတော့ တောထဲမှာ အများကြီးကျန်တယ်၊ သူတို့ကတော့ တချို့ကျတော့ အိမ်မပြန်ရဲကြဘူး၊ တချို့ကျတော့ အိမ်ပြန်စရာ အိမ်မရှိလို့၊ တချို့ကတော့ မိသားစုတွေ ကွဲပြဲသွားလို့ပေါ့နော်၊ တိုက်ပွဲအတွင်း မှာ အသတ်ခံရတာတို့ အဲဒါမျိုးတွေရှိတော့ သူတို့က မပြန်ဘဲနဲ့ တောထဲမှာကျန်ခဲ့တဲ့လူတွေ အတော်များ များရှိတယ်”
RFA က ကောက်ယူထားတဲ့စာရင်းတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေရဲ့ ပြောပြချက်အရ ဖော်ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ ခြောက်လကျော်ကာလအတွင်း ကယားပြည် နယ်က တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း တစ်သိန်းခုနစ်သောင်း ကျော် ရှိနေပါပြီ။