စစ်မှန်တဲ့ဖက်ဒရယ်စနစ် တည်ဆောက်ဖို့ ကရင်နီပြည်နယ် KNPP ညီလာခံ ဆုံးဖြတ်
2015.12.19

စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုနဲ့ရေရှည်တည်တံံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ အပါအဝင် ဘုံသဘောတူညီချက် (၇) ချက်ကို အကောင်အထည်ဖော်ဖို့ ကရင်နီပြည် နယ်ညီလာခံက ဆုံးဖြတ်လိုက် ပါတယ်။
ဒီကနေ့ ကယားပြည်နယ်လွိုင်ကော်မြို့က ဘာဒိုရပ်ကွက်မှာရှိတဲ့ ကက်သလစ်ဘုရားကျောင်းခန်းမ ဆောင်မှာ ကျင်းပတဲ့ ကရင်နီပြည်နယ်ညီလာခံမှာ အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ KNPP ရဲ့အတွင်းရေးမှူး (၂) ဦးရွေမျိုးသန့်က ပြောပါတယ်။
"ဒီရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့မှ အပိုင်း ၃ ပိုင်းမှာ ကျနော်တို့ လူထုကိုတင်ပြတဲ့ကိစ္စတွေမှာ အုပ်စုခွဲပြီးသားဖြစ်တယ်၊ ဘုံသဘောတူညီရေး အချက် ၇ ရပ်နဲ့ပတ်သက်ပြီးတော့မှ လုပ်ဆောင်ရမယ့် ချမှတ်ထားတဲ့ကိစ္စရပ်တွေကို တူရာတူရာသူ့ကဏ္ဍအောက်မှာ စုစည်းမယ်၊ မူဝါဒ ၇ ရပ်ထဲက လုပ်ငန်းအကောင်အထည် ဖော်ရမယ့်ကိစ္စများကို ကျနော်တို့က ရှေ့လုပ်ငန်းစဉ် ၂ဝ၁၆ ဇန်နဝါရီလ ၉ ရက်နေ့မှာ အစည်းအဝေးတရပ် ခေါ်ယူပြီးတော့ ညှိနှိုင်းသွားမယ်ဆိုတာ ပြောပြီးသားဖြစ်တယ်၊ အဲ့ဒီမှာ အလုပ်အဖွဲ့ကို ကျနော်တို့ ဖွဲ့စည်းသွားမယ်"
အဲ့ဒီညီလာခံကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဦးဆောင်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ ကနေ ၁၉ ရက်နေ့အထိ ငါးရက်ကျင်းပခဲ့တာဖြစ်ပါတယ်။
ဘုံသောတူညီချက် (၇) ချက်မှာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောာင်စုနဲ့ ရေရှည်တည်တံံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိတဲ့ ပြည်ထောင်စုကိုတည်ဆောက်ဖို့၊၂ဝဝ၈ ဖွဲ့စည်းပုံကို လူထုဆန္ဒနဲ့အညီပြင်ဆင်ဖို့၊ ဖက်ဒရယ်ပြည်ထောင် စုကို ကာကွယ်ဖို့ဖက်ဒရယ်တပ်မတော်ကို တည်ဆောက်ဖို့စတဲ့ အချက်တွေပါဝင်ပါတယ်။
ဘုံသဘော တူညီချက် (၇) ချက်ကို ကယားပြည်နယ် မြို့နယ် (၇) ခုက ကိုယ်စားလှယ်(၇) ဦးနဲ့အတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေး တပ်ဦး ၊ ကယောနီအမျိုးသားငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယား ပြည်နယ်)၊ ကယန်းအမျိုးသားပါတီ၊ ကရင်နီအမျိုးသမီးအစည်းအရုံး စတဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၆ ဦး လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။