ကယားမှာ မြို့လေးမြို့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်ထား
2024.01.28

ကယားပြည်နယ် (ကရင်နီ) မှာ မော်ချီးမြို့၊ ရွာသစ်မြို့၊ နန်းမယ်ခုံမြို့နဲ့ မယ်စဲ့မြို့တို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က RFA ကို ပြောပါတယ်။
"နန်းမယ်ခုံပါမယ်၊ နောက်ပြီး မော်ချီးပါမယ်၊ မယ်စဲ့ပါမယ်၊ ရွာသစ်မြို့ကတော့ နည်းနည်း ကျန်တယ်ပေါ့နော်။ ဒါပေမဲ့ ရမှာပါ။ အဲဒီမြို့တွေကို လေကြောင်းတိုက်ခိုက်မှု မရှိသေးပေမယ့် ရှားတောနဲ့ လွိုင်ကော်မြို့တို့မှာ လေယာဉ်နဲ့ အဆမတန် ဗုံးကြဲတိုက်ခိုက်တာ ရှိပါတယ်"
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ စစ်ကောင်စီတပ်စခန်းတွေ ဆုတ်ခွာခဲ့တဲ့အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘောလခဲမြို့နယ်၊ ရွာသစ်မြို့ကိုလည်း ထိန်းချုပ်ထားပြီး ရွာသစ်မြို့နဲ့ ဘောလခဲမြို့အကြားမှာရှိတဲ့ ၁၂ မိုင်ကုန်း စစ်ကောင်စီ တပ်စခန်းသာ ကျန်ရှိနေသလို ရှားတောမြို့နယ်မှာလည်း မြို့လယ်ဘုရားကုန်းပေါ်က စစ်ကောင်စီတပ်သာ ကျန်တော့တယ်လို့ KNDF က ရေးသားထားပါတယ်။
ကယားပြည်နယ်၊ မယ်စဲ့မြို့ကိုတော့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာလို့ KNDF က ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့မရပါဘူး။
လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေမှာလည်း စစ်ကောင်စီတပ်တွေဟာ အခြေစိုက် တပ်စခန်းတွေမှာပဲ ကျန်ရှိတော့တယ်လို့ KNDF က ဖော်ပြထားပါတယ်။