ကော့သောင်းအကျဉ်းထောင် ရုန်းရင်းဆန်ခတ် နှိမ်နင်းမှု ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ
2013.09.14
ကော့သောင်းမြို့ က အကျဉ်းထောင်မှာ အကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးခဲ့တာကြောင့် လုံခြုံရေးက ပစ်ခတ်ထိန်းသိမ်းရာမှာ အကျဉ်းသား ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
မနေ့က ညနေ ၆ နာရီလောက်မှာ ကော့သောင်းအကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထောင်ဖေါက်ထွက်ပြေးကြတဲ့အထိ ဖြစ်ခဲ့တာလို့ မြို့ခံတစ်ဦးက RFAကို ပြောပါတယ်။
“သေနတ်ဒဏ်ရာနဲ့ ဆေးရုံရောက်လာတယ်ပေါ့၊ ၈ ယောက်မှာ ၁ ယောက်သေသွားတယ်၊ ၇ ယောက်ဒဏ်ရာရတယ်၊ ကော့သောင်းဆေးရုံကြီးမှာ တင်ထားတယ်၊ ၁ ယောက်ကတော့ အောက်ဆီဂျင် ပေးထားရတယ်လို့ ပြောတယ်ခင်ဗျ”
ဒဏ်ရာရသူတွေကို ကော့သောင်းမြို့ ဆေးရုံမှာတင်ထားရကြောင်းလည်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကော့သောင်းမြို့ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ငြင်းဆန်ပါတယ်။