ကော့ကရိတ် တိုက်ပွဲအတွင်း အိမ် ၁၅ လုံး မီးလောင်

RFA Burmese
2023.12.26
ကော့ကရိတ် တိုက်ပွဲအတွင်း အိမ် ၁၅ လုံး မီးလောင် ကော့ကရိတ်မြို့ အမှတ် (၅) ရပ်ကွက်မှ မီးလောင်ကျွမ်းခဲ့သည့် နေအိမ်တစ်လုံးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Myanmar Military - Telegram

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲအတွင်း နေအိမ် ၁၅ လုံးဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျွန်တော်တို့လည်း မရှိဘူး။ အားလုံး ဘားအံရောက်နေတာ စစ်ဘေးရှောင်နေတာ ဆိုတော့။ အမှတ် (၅) ကွက်သစ်ထဲမှာ လောင်တယ်။ မြို့ပေါ်မှာ တိုက်ပွဲက မကြာမကြာ ဖြစ်နေတယ်၊ နေ့တိုင်းဖြစ်နေတယ်ဗျ"

ဒီဇင်ဘာလ ၁ ရက်နေ့ကစခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့ပေါ်က ဒေသခံ သုံးသောင်းဝန်းကျင်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ ကော့ကရိတ်မြို့ပေါ် အမှတ် (၅) ရပ်ကွက်က‌ နေအိမ် ၁၆ လုံးကို ကလို့ထူး‌ဘော ကရင်အစည်းအရုံး (KKO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ဒီဇင်ဘာ ၂၆ ရက်မနက်မှာ မီးရှို့ဖျက်ဆီးသွားတာလို့ စွပ်စွဲထားပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ကျားဖြူစစ်ကြောင်း တပ်ခွဲ (၁) က တာဝန်ရှိသူတစ်ဦးတော့ နေအိမ်မီးရှို့မှုတွေကို စစ်ကောင်စီက လုပ်ဆောင်တာလို့ တုံ့ပြန်ထားပါတယ်။

"အဲဒါ စကစ တွေဘက်က မီးရှို့တော့ပေါ့။ မြို့ပေါ်မှာကတော့ ပြည်သူတွေ ဘယ်လိုမှ မရှိနိုင်တော့ပါဘူး။ တိုက်ပွဲတွေကတော့ ဖြစ်နေတယ်နော်။ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့မနက်လည်း ဖြစ်နေတယ်"

ဒီနေအိမ်မီးရှို့ဖျက်ဆီးခံရမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့ပေါ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေက စတင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက်ပိုင်းကစလို့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို အသုံးမပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။