စစ်ကောင်စီ တပ်ရင်းတိုက်ခိုက်ခံရမှုကြောင့် ကော့ကရိတ်မြို့ခံ လေးဆယ်ခန့် ဖမ်းဆီးခံထားရ

RFA Burmese
2023.05.12
စစ်ကောင်စီ တပ်ရင်းတိုက်ခိုက်ခံရမှုကြောင့် ကော့ကရိတ်မြို့ခံ လေးဆယ်ခန့် ဖမ်းဆီးခံထားရ ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ၂၀၂၃ ခုနှစ် မေလ ၉ ရက်က တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Citizen Journalist

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ မေလ ၈ ရက်နေ့က KNLA ပူးပေါင်းတပ်တွေ ခလရ ၉၇ တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ခံအယောက် ၄၀ လောက်ကို ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ကော့ကရိတ် စစ်ဗျူဟာတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကော့ကရိတ်မြို့ခံတချို့က ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ လုပ်ငန်းရှင်တွေ၊ ပရဟိတအသင်းတာဝန်ရှိသူတွေအပြင် CDM ဝန်ထမ်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြခဲ့ဖူးသူတွေ ပါဝင်ပါတယ်။ မေလ ၈ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ ဆက်တိုက်ဖမ်းဆီးပြီး ကော့ကရိတ်မြို့မ ရဲစခန်းမှာ စစ်ဆေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

“ကော့ကရိတ် အခြေစိုက် ခလရ ၉၇ တပ်ရင်းကို KNLA နဲ့ PDF တွေက မေလ ၈ရက်နေ့ မနက်ပိုင်းမှာ တိုက် တယ် အဲ့တာမှာ စစ်တပ်က အရာရှိတွေကျတယ်၊ နေ့လယ်ပိုင်းတော့ ရပ်ကွက်အပိုင်းတွေထဲက မြို့ခံ ကိုအောင်မြင့်ထွန်း၊ ပုလဲဖြူ နာ/ကူ အသင်းက ခေါင်းဆောင် ကိုမြတ်ထိုက်ဆွေ၊ ကိုအောင်နိုင်၊ ကျူရှင်ဆရာ ကိုဖိုးဝင်း၊ အစ္စလမ်စုဘက်က နာ/ကူ လုပ်တဲ့ ကိုသိန်းဇော်၊ CDM လုပ်ထားတဲ့ သူနဲ့ NLD ပါတီဝင်တွေ၊ စစ်ကောင်စီ လွတ်ငြိမ်းနဲ့ လွတ်လာတဲ့သူတွေပါ ပြန်ဖမ်းတဲ့ အထဲပါတာနဲ့ဆို လူ ၄၀ လောက်ရှိနေတယ်၊ လောလောဆယ် ဖမ်းဆီးခံရသူ စာရင်းကောက်နေတာမှာတော့ လူ ၃၀ လောက် နာမည်တွေ သိရပြီ၊ သူတို့ကို ရဲစခန်းမှာ စစ်နေတယ်၊ မိသားစုတွေ တွေ့ခွင့်မရဘူး။ အခု စစ်တပ်ဗျူဟာမှူးက ဆက်စစ်မယ်တော့ ပြောနေတယ်။”

ခလရ ၉၇ တပ်ရင်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က မေလ ၈ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဖက်က ဗိုလ်ကြီးတစ်ဦး၊ ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သားအချို့ ထိခိုက်ကျဆုံးခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Southern Eagle PDF က သတင်းထုတ်ပြန်ထားပေမဲ့ အကျအဆုံးအခြေအနေ အသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

လတ်တလောမှာတော့ ကော့ကရိတ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖူးသူတွေ၊ NLD ပါတီဝင်တွေ၊ CDM လုပ်ကြတဲ့ ဝန်ထမ်းမိသားစုဝင်တွေကို စစ်ကောင်စီဘက်က ဆက်လက်ဖမ်းဆီးလာနိုင်တာကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရတယ်လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့ ခလရ ၉၇ တိုက်ခိုက်ခံရတာ၊ မြို့တွင်းဒေသခံတွေ ဖမ်းဆီးစစ်ဆေးခံနေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီသတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်တာ မရှိသေးသလို၊ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို ဆက်သွယ်မေးမြန်းရာမှာလည်း ဖုန်းလက်ခံဖြေကြားတာ မရရှိသေးပါဘူး။

ဖမ်းဆီးခံထားရသူတွေကို တွေ့ ခွင့်ရဖို့ မိသားစုဝင်တွေက ကော့ကရိတ် မြို့မရဲစခန်းကို သွားရောက်ခဲ့ပေမဲ့ တွေ့ခွင့်မရကြသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။