ကော့သောင်းသူဌေးကျွန်းဟိုတယ်ပိုင်ရှင်အပါအဝင် ၁၈ ဦးကို ထိုင်းဖမ်းဝရမ်းထုတ်

RFA Burmese
2024.02.03
ကော့သောင်းသူဌေးကျွန်းဟိုတယ်ပိုင်ရှင်အပါအဝင် ၁၈ ဦးကို ထိုင်းဖမ်းဝရမ်းထုတ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ထိုင်းအထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (DSI) အဖွဲ့က ဖမ်းဝရမ်းထုတ်ခံရသူများ၏ နေအိမ်တွေအား ဝင်ရောက်စစ်ဆေးနေစဉ်။
DSI

စစ်တပ်နဲ့နီးစပ်တဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့ Grand Andaman ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် အပါအဝင် ၁၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်လိုက်ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ရေးသားဖော်ပြကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ရနောင်းမြို့က နေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဇိမ်ခံကားတွေ၊ ရွှေငွေတွေ အပါအဝင် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းသွားပြီး သံသယရှိသူတချို့ကို ဖမ်းဆီးထားတယ်လို့လည်း ထိုင်းသတင်းတွေမှာ ရေးသားကြပါတယ်။

ရနောင်းမြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကတော့ ဦးကျော်လွင်အပါအဝင် ၁၈ ဦးကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းတွေ တွေ့ရပြီး ဘယ်သူတွေ ဖမ်းဆီးခံရတယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

"ဦးကျော်လွင် အပါအဝင် ၁၈ ဦး ဝရမ်းထုတ်ထားတယ်လို့ ကြားတယ်၊ ဦးကျော်လွင်ပိုင်တာလား သူ့ညီပိုင်တာလားတော့မသိဘူး ဝင်သိမ်းသွားတယ်လို့ ကြားတယ်၊ ဦးကျော်လွင်ကတော့ အဖမ်းမခံရသေးဘူး"

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်အရ ဖမ်းဝရမ်းထုတ်ခံရသူ ၁၈ ဦးဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကနေ ငွေကြေးခဝါချတာနဲ့ ရေနံတင်ပို့တာကနေ အခွန် ရှောင်တိမ်းထားတယ်လို့လည်း ဖော်ပြထားတာဖြစ်ပါတယ်။

ဦးကျော်လွင်ဟာ ထိုင်းနိုင်ငံသားခံယူထားသူဖြစ်ပြီး ကော့သောင်းသူဌေးကျွန်းမှာရှိတဲ့ Grand Andaman ဟိုတယ်အပါအဝင် စက်သုံးဆီတင်သွင်းတဲ့လုပ်ငန်း၊ ကော့သောင်းဒေသ လျှပ်စစ်မီးဖြန့်ဝေတဲ့လုပ်ငန်းတွေ၊ ကာစီနိုဝိုင်းတွေ၊ ရေခဲစက်လုပ်ငန်းတွေနဲ့ ငါးဖမ်းလှေတွေ ပိုင်ဆိုင်တယ်လို့လည်း ကော့သောင်းဒေသခံတွေက ပြောပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး Grand Andaman ဟိုတယ်ကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ရနောင်းမြို့မှာလည်း စက်ရုံတွေ၊ ဂိုထောင်တွေအပါအဝင် လုပ်ငန်းများစွာရှိတယ်လို့ ဆိုပါတယ်။ ဖမ်းဝရမ်းထုတ်ခံရတဲ့ ၁၈ ဦးထဲမှာ မြန်မာနိုင်ငံသား ဘယ်နှယောက်ပါဝင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဦးကျော်လွင်ဟာ ဦးသိန်းစိန် အစိုးရလက်ထက်က သန်းဖြိုးသူကုမ္ပဏီ နာမည်နဲ့ ကော့သောင်းမြို့နယ်မှာ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံလည်ပတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ကန့်ကွက်ခံရတာကြောင့် ရပ်နားခဲ့တာဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။