ကယားဝန်ကြီးချုပ် သိမ်းယူထားတဲ့ ကက်သလစ်သာသနာပိုင်မြေ ပြန်ရဖို့ သတင်းစာရှင်းလင်းပွဲလုပ်


2018.11.08
catholic-land-622.jpg ကယားဝန်ကြီးချုပ်က သိမ်းယူထားတဲ့ လွိုင်ကော်မြို့နယ် မယ်စဲ့တိုက်နယ်က ကက်သလစ်သာသနာပိုင်မြေတချို့ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ် လွိုင်ကော်မြို့နယ် မယ်စဲ့တိုက်နယ်က ကက်သလစ်သာသနာပိုင်မြေတချို့ကို သိမ်းယူထားတဲ့အတွက် အဲဒီသာသနာ့နယ်မြေ ပြန်ရဖို့အတွက် ဒီကနေ့ ရန်ကုန်မြို့ MJN ရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော်အကြီးအကဲတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေထံ စာရွက်စာတမ်း အထောက် အထားတွေနဲ့ တင်ပြတိုင်ကြားထားတာ တစ်နှစ်ကျော်ကြာနေပြီလို့ သိရပါတယ်။

လွိုင်ကော် ကက်သလစ်သာသနာ မယ်စဲ့ တိုက်နယ်ကျောင်းထိုင်ဘုန်းတော်ကြီး ရစ်ချတ်သူရထွန်းက သာသနာ့ အကျိုးတော်ဆောင်တွေအနေနဲ့ ဒီကိစ္စကို ညှိနှိုင်းဖြေရှင်းမှုတွေပြုလုပ်ပြီး တရားမျှတမှုရှိစေဖို့နဲ့ အမှန်တရားပေါ်ပေါက်စေချင်ကြောင်း၊ တရားစွဲဆိုဖို့ အစီအစဉ်မရှိကြောင်း ဒီနေ့ သတင်းရှင်းလင်းပွဲမှာ ပြောပါတယ်။

ဝန်ကြီးချုပ်က အဲဒီ ကက်သလစ်သာသနာနယ်မြေကို ပြန်မပေးဘဲ အောက်တိုဘာ ၁၃ ရက်နေ့က ခြံစည်းရိုးခတ်ဖို့ လာရောက်ပြောဆိုထားကြောင်းလည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ စာပေးပို့တိုင်ကြားထားတာရှိပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ဆေးနေကြောင်း NLD ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။

အဲဒီမြေနေရာဟာ ၂၀၀၆ ခုနှစ် စက်တာဘာလက မြေစာရင်းပုံစံ ၁၀၅ ထုတ်ပေးပြီးဖြစ်တယ်လို့ မယ်စဲ့ တိုက်နယ် ကက်သလစ် သာသနာ ကျောင်းထိုင်ဘုန်းကြီးကျောင်းရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရတော့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။