သာသနာပိုင်မြေနေရာ ပြန်ပေးဖို့ မယ်စဲ့မြို့ခံတွေ လက်မှတ်ရေးထိုး တောင်းဆို


2018.12.03
catholic-land-622.jpg မယ်စဲ့တိုက်နယ် လွိုင်ကော် ကက်သလစ် သာသနာပိုင်မြေအချို့ကို တွေ့ရစဉ်
Photo: Richard Thuya

ကယားပြည်နယ် ဝန်ကြီးချုပ် သိမ်းယူထားတယ်ဆိုတဲ့ မယ်စဲ့တိုက်နယ် လွိုင်ကော်ကက်သလစ် သာသနာပိုင် မြေနေရာ ပြန်ပေးဖို့ မယ်စဲ့မြို့ခံ ၅၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

အဲဒီမြေနေရာ ပြန်လည်ရရှိဖို့အတွက် မနေ့က ဆုတောင်းပွဲ ကျင်းပပြီး လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ကယားပြည်နယ် ဝန်ကြီးချုပ်ကို NLD ပါတီက သတိပေးထားတယ်ဆိုပေမယ့် ကက်သလစ်သာသာဝင်တွေဆီ အသိပေး အကြောင်းကြားတာမရှိဘူးလို့ သာသနာ့ အကျိုးဆောင်တွေက  သတင်းထုတ်ပြန်ထားပါတယ်။

ပြည်နယ် ဝန်ကြီးချုပ်ကို ပါတီစည်းကမ်းအရ ခေါ်ယူသတိပေး အရေးယူခဲ့တာဖြစ်ပြီး ဥပဒေအရ မမှားဘူးလို့ ပါတီဘက်က ပြောဆိုတာတွေ ထွက်ပေါ်ခဲ့ပေမယ့် နစ်နာသူတွေကို  တရားဝင် အကြောင်းပြန်လာတာ မရှိတဲ့အတွက် ကက်သလစ်ဘာသာဝင်တွေအနေနဲ့ စိုးရိမ် ပူပန်နေကြကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဝန်ကြီးချုပ် လုပ်ပိုင်ခွင့်ကိုအသုံးချပြီး မယ်စဲ့တိုက်နယ် လွိုင်ကော် ကက်သလစ် သာသနာပိုင်မြေကို သိမ်းယူတယ် ဆိုတဲ့ အကြောင်းနဲ့ သိမ်းထားတဲ့ မြေတွေပေါ်မှာ စက်တွေနဲ့ မြေညှိတာ၊ မြောင်းတူးတာတွေလုပ်နေကြောင်း၊ ကက်သလစ်ဘာသာဝင်တွေကို အသိမပေး၊ သဘောထားမရယူဘဲ စာရွက်စာတမ်းတွေကို တစ်ဖက်သတ် လုပ်ထားကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကလည်း သာသနာ့အကျိုးဆောင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်မှတ်တွေကို ဆက်ပြီးကောက်ယူမှာဖြစ်ပြီး ရလာတဲ့ လက်မှတ်တွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆီကို ဒီဇင်ဘာလအတွင်းမှာ ပေးပို့သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

"ဖြေရှင်းပေးခြင်းမရှိသေးဘူးလေ။ ကျနော်တို့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်။ ဒါပေမဲ့ တရားဝင် ဘာမှ အကြောင်းပြန်ခြင်းမရှိတဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို တိုက်ရိုက်လက်မှတ်ရေးထိုးပြီး တောင်းဆိုဖို့၊ ကက်သလစ် ဘာသာဝင်တွေက ပြန်ပေးပြီလားလို့ အမြဲမေးနေတယ်။ သူတို့သိချင်တယ်။ သူတို့ဖော်ထုတ်ချင်တယ်လို့ ယူဆတဲ့အတွက် သူတို့ရဲ့ လက်မှတ်တွေ ကောက်ယူပြီး တင်ပြမှာ"

အဲဒီမြေကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါ်ယူ တွေ့ဆုံတာတွေရှိခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံပြီး နောက်ပိုင်းမှာ ပြည်နယ် ဝန်ကြီးချုပ်ကို ပါတီစည်းကမ်းအရ ခေါ်ယူ သတိပေး အရေးယူခဲ့တာဖြစ်ပြီး အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ နစ်နာသူတွေဘက်ကို တရားဝင် အကြောင်းပြန်လာခြင်း မရှိတဲ့အကြောင်းလည်း ပြောပါတယ်။

ဥပဒေအရ မမှားဘူးဆိုတဲ့ကိစ္စဟာ လက်တွေ့ မြေပြင်မှာဖြစ်နေတဲ့နေရာကို ကွင်းဆင်းလေ့လာတာ မရှိဘဲ ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့ ကယား လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ LAIN နည်းပညာအထောက်ကူပြုအဖွဲ့က ကိုကျော်ထင်အောင် က မှတ်ချက်ပြုပါတယ်။

"ဒီလုပ်ပိုင်ခွင့်ကို အသုံးပြုပြီး လုပ်ဆောင်သွားတဲ့အပေါ်မှာ မြေပြင်အနေအထားကို သေချာဆုံးဖြတ်မှု မရှိဘဲ ပါတီပိုင်းကရော ပြောရေးဆိုခွင့်ရှိသူပိုင်းကပါ ဒါ ဥပဒေအရ မမှားဘူးလို့ ပြောပေမယ့် အဲဒါ ဝန်ကြီးချုပ်ရဲ့ တစ်ဖက်သတ်ပြောဆိုစကားပဲဖြစ်တယ်။ အောက်ခြေမှာ သေသေခြာခြာ ဆင်းစစ်မယ်ဆိုရင်ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရှိတယ်"

NLD ပါတီက ကယားပြည်နယ် ဝန်ကြီးချုပ်ကို အရေးယူသတိပေးထားတဲ့ကိစ္စကို ကက်သလစ်သာသနာ အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကို တိုက်ရိုက် အသိပေးအကြောင်းကြားတာ မရှိပေမယ့် သတင်းမီဒီယာတွေကနေတဆင့် သိနိုင်အောင် ပြောပြပေးနေတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

အငြင်းပွားနေတဲ့ မြေယာပိုင်ဆိုင်မှုကိစ္စကိုလည်း ပြည်နယ် မြေစာရင်းတွေကို မစစ်ဆေးခိုင်းတော့ဘဲ ဗဟိုမြေစာရင်းအဖွဲ့ကို သွားရောက်စစ်ဆေးဖို့ ပြောကြားထားတယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

"ဘုရားကျောင်းဘက်ကလည်း သံသယကင်းအောင် ဗဟိုမြေတိုင်းအဖွဲ့ကို ခေါ်ပြီးတိုင်းပါ။ ပြည်နယ်မြေတိုင်းအဖွဲ့နဲ့ မတိုင်းပါနဲ့။ တကယ်လို့ ဂရန်မှာ ပါတဲ့မြေဟာ ဦးအယ်လ်ဖောင်းရှိုး မြေပါတယ်ဆိုလည်းယူပါ။ မပါဘူး တကယ်လို့ အလှူခံတာ လက်ခံမယ်ဆိုလည်း လက်ခံပါ ကျနော်တို့ အဲဒါအကုန်ပြောပြီးသား"

ကက်သလစ် သာသနာပိုင်နယ်မြေရဲ့ မျက်နှာစာနေရာ ဧက ဝက်လောက်ကို ပြည်နယ် ဝန်ကြီးချုပ်က အောက်တိုဘာတုန်းက လာရောက် ခြံစည်းရိုးကာခဲ့တဲ့အကြောင်း၊ အဲဒီမြေနေရာဟာ ၁၉၉၄ ခုနှစ်မှာ သာသနာမြေနေရာအဖြစ် မယ်စဲ့မြို့နယ် မြေစာရင်းဌာနက သတ်မှတ်ပေးခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ မြေစာရင်းပုံစံ ၁၀၅ ကို ထုတ်ပေးခဲ့တဲ့အကြောင်း သက်သေအထောက်ထားတွေရှိတယ်လို့လည်း သာသနာ့အကျိုးဆောင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။