ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးမှု ပြည်နယ်ဝန်ကြီးချုပ် မတက်ရောက်

စိုးစိုးထက်
2020.08.30

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ရာမှာ လာရောက်ဖြေရှင်းတာမရှိဘဲ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးကသာ ကိုယ်စား တက်ရောက်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မတီကို ဖျက်သိမ်းဖို့လည်း ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကို တင်ပြထား ပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးဖို့ သြဂုတ်လ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့မှာ ၃ ကြိမ် ခေါ်ခဲ့တာ ဖြစ်ပြီး ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်သာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

စွပ်စွဲပြစ်တင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ အတွင်းရေးမှူးကို ဘာတွေချေပလိုသလဲလို့ သြဂုတ်လ ၂၅ ရက်နေ့ မနက်က မေးမြန်းရာမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က လူမစုံတဲ့အတွက် မဖြေကြားနိုင်ကြောင်းသာ ပြောတယ်လို့ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးသဲရယ်က ပြောပါတယ်။

“ကျနော်တို့မေးလိုက်တာကတော့ ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ဝန်ကြီးချုပ် ကိုယ်စားအနေနဲ့လာပြီးတော့ ထွက်ဆိုပေးတယ်ဆိုတော့ စွပ်စွဲပြစ်တင်တာနဲ့ ပတ်သက်ပြီးတော့မှ ဘာတွေ ချေပလိုသလဲပေါ့နော် ကျနော်တို့က အဲလိုပဲမေးပါတယ်။ ဆိုတော့ သူကလည်း ခင်ဗျားတို့ စုံစမ်းစစ်ဆေးရေး အဖွဲ့က လူမစုံတဲ့အတွက် သူမဖြေကြားပေးနိုင်ပါဘူးဆိုပြီး အဲလိုပြောပြောလိုက်တာပေါ့။”

စုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ် ၂၄ ရက်နေ့မှာ လွိုင်ကော်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနဲ့ ကုမ္မဏီတချို့တို့ကို စစ်ဆေးမေးမြန်းခဲ့ကြ ပြီးနောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စစ်ဆေးမေးမြန်းဖို့ သြဂုတ်လ ၂၅ ရက်နေ့က နှစ်ကြိမ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က ကယားပြည်နယ် ဝန်ကြီးချုပ်ကို မနက် ၁၀ နာရီမှာ တစ်ကြိမ်၊ ညနေပိုင်း ၃ နာရီမှာတစ်ကြိမ် ခေါ်တဲ့အခါမှာ ဝန်ကြီးချုပ်ကိုယ်စား ကိုယ်စားလှယ်လွှဲစာနဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်က တက်ရောက်ခဲ့တာပါ။

စုံစမ်းစစ်ဆေးရေး ကော်မတီက သြဂုတ်လ ၂၅ ရက်နေ့ ညနေက ဒုတိယအကြိမ်ထပ်မေးရာမှာလည်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်က တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိဘူးလို့ စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ မနက်က တတိယအကြိမ်နဲ့ ညနေပိုင်းမှာ စတုတ္ထအကြိမ် ထပ်ခေါ်ရာမှာတော့ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်ပဲ ထပ်လာပြီး ဝန်ကြီးချုပ်ထံက ကိုယ်စားလှယ်လွှဲစာမပါဘဲ ရောက်လာတာကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ ဘာမှမမေးခဲ့ဘူးလို့ ဆိုပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက စွပ်စွဲပြစ်တင်ခြင်းကိစ္စနဲ့ စပ်လျဉ်းတဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီကို ပယ်ဖျက်ပေးဖို့ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကို သြဂုတ် ၂၄ ရက်နေ့က တင်ပြထားပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ စွပ်စွဲပြစ်တင်တဲ့သူတွေ ပြန်ပါလာတာကြောင့် ပြည်နယ်ဝန်ကြီးချုပ်က ပယ်ဖျက်ပေးဖို့ တင်ပြလာတာလို့ သိရပါတယ်။

အဲဒီအပေါ်မှာ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက တစ်စုံတစ်ရာ အကြောင်းကြားထားတာမျိုး မရှိသေးပါဘူး။

စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မည်သည့်ဥပဒေပုဒ်မနဲ့မှ ပယ်ဖျက်လို့မရဘူးလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသဲရယ်က ပြောပါတယ်။

“ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ဥပဒေနဲ့မညီဘူးဆိုတဲ့ အကြောင်းအရာတွေက ဘယ်ဥပဒေ၊ ပုဒ်မ မှာပါရှိသလဲပေါ့နော် အဲဒါစဉ်းစားဖို့ လိုတာပေါ့။ နောက်တစ်ခုက ကျနော်တို့ စွပ်စွဲပြစ်တင်တဲ့ထဲက (၅) ဦးနဲ့ ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်တွေပေါ့နော်။ ဆိုတော့ အဲမှာလည်း ဒါကပြစ်တင်စွပ်စွဲတဲ့အထဲ မှာလည်းပါသလို ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာလည်း ပြန်ပါတယ်ဆိုတဲ့ဟာလည်း သူပြောလာတာပေါ့နော်။ ဆိုတော့ ဥပဒေထဲမှာ ဘယ်လူ၊ ဘယ်ပုဂ္ဂိုလ်နဲ့ပဲ စွပ်စွဲပြစ်တင်ပြီးတော့မှ ဘယ်လူဘယ်ပုဂ္ဂိုလ်နဲ့ပဲ ဒါစုံစမ်း စစ်ဆေးရေးအဖွဲ့မှာ ထည့်ရမယ်ဆိုတဲ့ ဥပဒေက မပါရှိဘူးပေါ့။”

ကယားပြည်နယ်ဝန်ကြီးချုပ်ကို စက်ယန္တရားငှားရမ်းခငွေကိုတွေ ပြည်သူ့ဘဏ္ဍာငွေထဲ မရောက်တဲ့ကိစ္စနဲ့ အများပြည်သူပိုင် ပြည်နယ်နေ့ အထိမ်းအမှတ်ကွင်းမှာ ကုမ္ပဏီကို ငှားရမ်းတဲ့ကိစ္စမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ ကျပ်သိန်းပေါင်း လေးထောင်နီးပါး ကွာဟနေတဲ့ ဘဏ္ဍာငွေတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက စုံစမ်းမေးမြန်းနေတာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ငါးဦးနှင့် ဖွဲ့စည်းထားတာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် နှစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် တစ်ဦး၊ တပ်မတော်သားကိုယ်စားလှယ် တစ်ဦးနဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် တစ်ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ စွပ်စွဲပြစ်တင်သူ သုံးဦး ပြန်ပါနေတာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို RFA က ဒီနေ့ မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စွပ်စွဲပြစ်တင်တဲ့ကိစ္စ ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လွှတ်တော်ကို လာရောက်ခဲ့တဲ့ ပြည်နယ် အတွင်းရေးမှူး ဦးအံ့မော်ကို စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဘာပြောနိုင်မလဲ မေးရာမှာ ပြောစရာမရှိသေးကြောင်းသာ ပြောပါတယ်။

“လောလောဆယ် ဘာမှပြောစရာ မရှိသေးပါဘူး။”

သြဂုတ်လ ၂၁ ရက်နေ့က ဆက်သွယ်ခဲ့ရာမှာတော့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက သူဟာ အစိုးရလမ်းညွန်ချက်အတိုင်း တိတိကျကျ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ စိုးရိမ်မှုမရှိကြောင်း ပြောပါတယ်။

ဒါ့အပြင် စွပ်စွဲထားတဲ့ စက်ယန္တရားတွေ ဝယ်ယူတဲ့ကိစ္စကို လွှတ်တော်မှာ ရှင်းပြခဲ့ပြီးဖြစ်ကြောင်းနဲ့ ပြည်နယ်နေ့ ကျင်းပတဲ့နေရာကိစ္စကိုလည်း နိုင်ငံတော် သမ္မတရုံးက ပြောကြားချက်အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။