ကယားပြည်နယ်မှာ အာဏာသိမ်း တစ်နှစ်ခွဲအတွင်း ဒေသခံ သုံးရာနီးပါး သေဆုံး

2022.08.01
ကယားပြည်နယ်မှာ အာဏာသိမ်း တစ်နှစ်ခွဲအတွင်း ဒေသခံ သုံးရာနီးပါး သေဆုံး ကယားပြည်နယ်မှ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

စစ်တပ်က အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့အထိ တစ်နှစ်ခွဲအတွင်း ကယား (ကရင်နီ) ပြည်နယ်ထဲမှာ အရပ်သား ၂၉၃ ဦး သေဆုံးတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဩဂုတ်လ ၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန် ပါတယ်။

ဒီအထဲမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရသူပေါင်း ၂၅၅ ဦးရှိပြီး စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရသူ ၃၈ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါ တယ်။

“စစ်ရှောင်ရင်း သေဆုံးသူတွေက သက်ကြီးရွယ်အိုနဲ့ ကလေးတွေများတယ်။ စစ်ဘေး ဒုက္ခသည်စခန်းမှာ လက်နက်ကြီးကျလို့ သေဆုံးတာ၊ အစာအာဟာရနဲ့ ဆေးဝါး မလောက်လို့ သေဆုံးရတာတွေလည်းပါတယ်။ တချို့ကတော့ တိုက်ပွဲမှာ စစ်ကောင်စီ ဘက်က ဖမ်းဆီးတာခံရပြီး သတ်ဖြတ်ခံရတာတွေလည်းပါတယ်”

တစ်နှစ်ခွဲအတွင်း ဖမ်းဆီးခံထားရသူပေါင်း ၂၆၀ အထိရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၃၉၃ ကြိမ်ဖြစ် ခဲ့သလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ၁၄၇ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီဘက် က ၁၄၅၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၅၇ ကြိမ်လုပ်ခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၂၃ လုံးနဲ့ အရပ်သားနေအိမ် ၁၁၃၃ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို စစ် ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ညနေပိုင်းအထိ လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိအချိန်အထိ ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ စတဲ့ မြို့နယ်တွေ က ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၂၁၀,၀၀၀ ဝန်းကျင် ရှိတယ်လို့ ဒုက္ခသည် အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ ဒီးမော့ဆို အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေမှာ အများဆုံး ခိုလှုံနေရပြီး ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူ တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။