လူဦးရေ တစ်ထောင်ကျော် NLD ပါတီဝင်ရောက်
2018.03.17

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်က ဘုရားဖြူကျေးရွာအုပ်စုတစ်စုလုံးက လူဦးရေ ၁ ထောင်ကျော်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် ဝင်ရောက်တဲ့အတွက် ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားကို ဘုရားဖြူကျေးရွာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ကျေးရွာအုပ်စုတစ်စုလုံးက ဝင်ရောက်တာဖြစ်တယ်လို့ အခမ်းအနားတက်ရောက်ခဲ့တဲ့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးမင်းသူက ပြောပါတယ်။
"ကယားပြည်နယ်မှာ ဒါတတိယအကြိမ်ပေါ့လေ၊ ဒီ NLD ပါတီထဲ ဝင်ရောက်ဖို့အတွက်ကို အဆိုပြုလွှာ အခမ်းအနား ကျင်းပပြုလုပ်တာဖြစ်ပါတယ်၊ ရွာ ၃ ရွာပေါ့လေ၊ ဘုရားဖြူရွာ၊ နန့်မယ်ခုံရွာ နောက်တစ်ရွာကတော့ ကျနော် နည်းနည်းလေးမေ့နေလို့ဗျ၊ အဲ ၃ ရွာကနေပြီးတော့မှ ပါတီဝင်အင်အား ၁၀၀၉ ဦး ကျေးရွာအုပ်စု လုံးကျွတ်ပေါ့၊ သူတို့ဝင်ရောက်တယ် ဆိုတဲ့ဟာလေးပါ၊ ကယားပြည်နယ်ကတော့ ဒါအရင်တုန်းကတော့ သူတို့အကြောက်တရားနဲ့ နေခဲ့တယ်၊ ဒီနိုင်ငံရေးလုပ်တယ်၊ NLD ပါတီဝင်ရင် ဒုက္ခရောက်မယ်၊ ဘဝပျက်မယ် ဆိုတော့ အားမပေးရဲခဲ့ဘူးပေါ့၊ ဝင်ရောက်လာတဲ့ ကျေးရွာအုပ်စုရဲ့ တာဝန်ခံတွေက ဒါတွေကိုရှင်းပြပြောပါတယ်"
ကယားပြည်နယ်အတွင်းမှာ အလားတူ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲတွေကို ၂၀၁၇ နှစ်ကုန်ပိုင်းလောက်က လွိုင်ကော်မြို့နယ်ခန်းမမှာ လူအင်အား ၁၃၀၀ လောက်နဲ့ တစ်ကြိမ်ပြုလုပ်ခဲ့သလို ၂၀၁၈ ဖေဖော်ဝါရီလမှာလည်း လွိုင်လင်လေးကျေးရွာမှာ အင်အား ၂၄၀၀ အတွက် တစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် နောက်ထပ် အခုလိုအဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားတွေ ကျင်းပရမယ့် မြို့နယ်တွေ ကျန်ရှိနေသေး တယ်လို့ ဆိုပါတယ်။
အခုလိုပါတီဝင်အဖြစ် ဝင်ရောက်လာသူတွေဟာ NLD ပါတီရဲ့ ဦးဆောင်မှု၊ ခေါင်းဆောင်အပေါ်ယုံကြည်တာ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ဝင်လာတာဖြစ်တယ်လို့ ပြောကြကြောင်းလည်း ဦးမင်းသူက ပြောပါတယ်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ပါတီဗဟိုကော်မတီဝင် ဦးအောင်စိုး၊ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။