ခါကာဘိုရာဇီ တောင်ထိပ် တက်ခဲ့သူ နှစ်ဦး ပျောက်ဆုံးနေဆဲ
2014.09.11
မြန်မာနိုင်ငံ မြောက်ဖျားက ခါကာဘိုရာဇီ ရေခဲတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ပြီးတဲ့နောက်လွန်ခဲ့ တဲ့ သောကြာနေ့ကတည်းက တောင်ခြေကအဖွဲ့တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ တောင်တက် အဖွဲ့ဝင်နှစ်ဦးကို သက်ဆိုင်ရာက ရှာဖွေရေးအစီအစဉ်တွေ စတင်နေပြီလို့ သိရပါတယ်။
အဲ့ဒီ ရေခဲတောင်ကိုတက်ခဲ့တဲ့ တောင်တက်အဖွ့ဲမှာ အဖွဲ့ဝင် ရှစ်ဦးပါဝင်ခဲ့ပြီး၊ လမ်းကျဉ်းလွန်းတဲ့အတွက် ခြောက်ဦး က တောင်ခြေမှာစခန်းချနေခဲ့ကာ အောင်မြင့်မြတ်နဲ့ ဝေယံမင်းသူတို့နှစ်ဦးက ဆက်တက်ခဲ့တယ်လို့ တောင်တက် အဖွဲ့ခေါင်းဆောင် ဦးမျိုးသန့်က ပြောပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့က တောင်ထိပ်အထိ ရောက်ခဲ့ကြပြီး၊ တောင်ခြေစခန်းကို ပြန်အဆင်းမှာ သူတို့နှစ်ဦးအသုံးပြုခဲ့ တဲ့ GPS ဆက်သွယ်ရေးကိရိယာမှာ ဘက်ထရီအား ချို့ယွင်းခဲ့တဲ့အတွက် အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
တောင်ခြေကို ပြန်လည်ရောက်ရှိလာပြီလို့ တချို့သတင်းတွေမှာ စောစောပိုင်းက ဖေါ်ပြထားပေမယ့် နောက်ဆုံးရတဲ့ သတင်းတွေမှာတော့ ပြန်ရောက်လာကြတာ တခြားအဖွဲ့ဝင်တွေသာဖြစ်ပြီး သူတို့နှစ်ဦး မပါဝင်ဘူးလို့ သိရပါတယ်။
အခုအခါ ထူးဖေါင်ဒေးရှင်းက ဦးတေဇရဲ့ အကူအညီရယူပြီး သူတို့ကို ရဟတ်ယာဉ်နဲ့ရှာဖွေနေပြီလို့ AP နဲ့ AFP သတင်းဌာနတွေက သတင်းထုတ်ပြန်ပါတယ်။ ထူးဖောင်ဒေးရှင်း ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလဲ ကယ်ဆယ်ရေး ရဟတ်ယာဉ်နှစ်စီး၊ အရေးပေါ်အချက်ပြ ဆက်သွယ်ရေးကိရိယာများ ဆေးဝါးပစ္စည်းများနဲ့ အတူရှာဖွေရေး လုပ်ငန်းစနေပြီလို့ ဖေါ်ပြထားပါတယ်။
ခါကာဘိုရာဇီ တောင်ဟာ အမြင့်ပေ ၁၉၂၉၅ ရှိပြီး အရှေ့တောင်အာရှဒေသမှာ အမြင့်ဆုံးတောင်ထွတ်လို့ သတ်မှတ်ထားပါတယ်။
ဒီ ခါကာဘိုရာဇီတောင်ထိပ်ကို Takashi Ozaki ဆိုသူ ဂျပန်လူမျိုး တောင်တက်သမား တစ်ဦးက ၁၉၉၆ ခုနှစ်က ပထမဆုံး တက်ရောက်နိုင်ခဲ့ပြီး မြန်မာအဖွဲ့က အခုဟာပထမဆုံး တက်ရောက်နိုင်တာ ဖြစ်ပါတယ်။