ခန္တီးနဲ့ မုံရွာ ရေယာဉ်ပြေး ဆွဲပေးဖို့ တောင်းဆို
2016.08.19

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးနဲ့ မုံရွာမြို့ကို အမြန်ရေယာဉ် တိုက်ရိုက်ပြေးဆွဲပေးဖို့ ဒေသခံတွေက လက်မှတ်တွေ ကောက်ခံနေပြီး ရရှိတဲ့လက်မှတ်တွေကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ထံ ပေးပို့သွားမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ခန္တီးမြို့ပေါ်နဲ့ ကျေးရွာတွေမှာ ဒီနေ့ကစပြီး လက်မှတ်တွေ လိုက်လံကောက်ခံနေတာဖြစ်တယ်လို့ လက်မှတ်ဦးဆောင်ကောက်ခံနေတဲ့ ခန္တီးဒေသခံ ကိုအောင်ဆန်းမြင့် က ပြောပါတယ်။
"တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေရော ပါပါတယ်၊ ခန္တီးမြို့နဲ့ အနီးတဝိုက်ရွာတွေ ကျနော်တို့သွားမယ် ၊ ရွှေမြင့်မိုရ်ရယ်၊ မကန်သောင်ရယ်၊ မှန်ပင်ရယ်၊ မြို့ပေါ်ကိုတော့ ကျနော်တို့ ဒီနေ့စကောက်တဲ့သူလည်း ကောက်နေ ပြီ၊ ကျနော်တို့ကတော့ ဟိုဘက်ရွာတွေမှာ သွားကောက်မယ်"
အခုနှစ် ဧပြီလမှာ ပုဂ္ဂလိကပိုင် MGRG နဲ့ အေးငြိမ်းချမ်းသာ လို့ခေါ်တဲ့ အမြန်ရေယာဉ်လိုင်း နှစ်လိုင်းဟာ ခန္တီးနဲ့ မုံရွာကို တိုက်ရိုက်ပြေးဆွဲခဲ့ပြီး ဇွန်လကုန်ပိုင်းလောက်မှာ ရပ်ဆိုင်းခဲ့ပါတယ်။
ခန္တီး-မုံရွာ တိုက်ရိုက်ပြေးရေယာဉ်တွေ မရှိတော့တာကြောင့် ဒေသခံတွေအနေနဲ့ ခန္တီး-ဟုမ္မလင်းကို အရင်သွားရပြီး ဟုမ္မလင်းကနေမှ မုံရွာကို တဆင့်သွားရောက်ရတဲ့အတွက် အချိန်နဲ့ငွေကြေး ကုန်ကျမှုတွေ ပိုများပြားတယ်လို့ လည်း ပြောပါတယ်။
အရင် ခန္တီး-မုံရွာ တိုက်ရိုက်ပြေးရေယာဉ်တွေရှိစဉ်က ယာဉ်စီးခ ကျပ်တစ်သောင်းခွဲနဲ့ တစ်ညအိပ်သာကြာမြင့် ပြီး နှစ်ဆင့်ပြောင်းလဲစီးရတဲ့အခါ ကုန်ကျစားရိတ် ကျပ်သုံးသောင်းကျော် နဲ့ နှစ်ည အိပ်သွားရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ခန္တီးဒေသခံတွေဟာ မုံရွာမြို့ပေါ်ကနေ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဆေးဝါး အစရှိတဲ့ အခြေခံစား သောက်ကုန်တွေ ကို သွားရောက်ဝယ်ယူရတာတွေရှိသလို ကျောင်းသွားရောက်တက်သူတွေနဲ့ ရုံးဝန်ထမ်းတွေလည်းရှိတယ် လို့ ပြောပါတယ်။