ခန္တီး မုံရွာ ရေယာဉ် လုပ်ပိုင်ခွင့် လျှောက်ထားနိုင်ပြီ


2016.10.14
boat-620.jpg မြစ်ကမ်းနဘေးမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတွေကို တွေ့ရစဉ်
Photo: Aung San Myint

ဒေသခံတွေ တောင်းဆိုထားတဲ့ ခန္တီးနဲ့ မုံရွာမြို့တွေကို တိုက်ရိုက်အမြန်ရေယာဉ်တွေ ပြေးဆွဲပေးဖို့ အစီအစဉ်ကို စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရက ကုမ္ပဏီတွေ လုပ်ပိုင်ခွင့်လျှောက်ထားကြဖို့ ပြောလိုက်ပါတယ်။

လျှောက်လွှာ လျှောက်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းလိုင်စင်နဲ့ ပြေးဆွဲမယ့်လုပ်ငန်းစီမံချက်တွေကို ပူးတွဲတင်ပြပေးဖို့ လိုတယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါ တယ်။

"အဓိကကတော့ လုပ်ငန်းလိုင်စင်လိုမှာပေါ့။ နောက်တခါ ပြေးဆွဲမယ့် လုပ်ငန်းစီမံချက်ပေါ့။ နောက် တခါ အဲဒီ ဖြတ်သန်းမယ့်မြို့တွေက ရညနတွေရဲ့ ထောက်ခံချက်ပေါ့။ နောက်တခါ မြို့နယ် အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ပေါ့။ လိုအပ်တဲ့ စာရွက်စာတမ်းထောက်ခံချက်တွေ ပြည့်စုံလို့ရှိရင် ရညနက စိစစ်ပြီးတင်ပြတဲ့အခါ အစိုးရအဖွဲ့က စိစစ်ပြီးတော့ ခွင့်ပြုလိုက်တာပါပဲ"

လက်ရှိမှာ ရေကြောင်းဦးစီးဌာနကို လျှောက်လွှာတင်ထားတဲ့ ကုမ္ပဏီ ၂ ခုရှိပြီး စိစစ်မှုတွေဆောင်ရွက်နေကြောင်း နဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် ပြေးဆွဲခွင့်ကို အခုလအတွင်း ချထားပေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လက ခန္တီးမြို့နယ်က ဒေသခံ ၈၀၀ ကျော်က ခန္တီးနဲ့မုံရွာကို တိုက်ရိုက်အမြန်ရေယာဉ်တွေ ပြေး ဆွဲပေးဖို့ စစ်ကိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ပြီး ခန္တီးမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းကလည်း လွှတ်တော်မှာ အမြန်ရေယာဉ်တွေ ပြေးဆွဲပေးဖို့ အဆိုတင်သွင်းခဲ့ပါတယ်။

ခန္တီးနဲ့မုံရွာမြို့တွေကို အမြန်ရေယာဉ် တိုက်ရိုက်ပြေးဆွဲမှုမရှိတဲ့အတွက် ခန္တီးကနေ ဟုမ္မလင်းမြို့ကို အရင်သွားရပြီး ဟုမ္မလင်းကနေ မုံရွာကို တဆင့်သွားရောက်ရတဲ့အတွက် ငွေကြေးကုန်ကျမှုနဲ့ အချိန်ကြာမြင့်မှုတွေရှိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။