လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင် မှသာ မိမိလက်မှတ်ရေးထိုးမယ်လို့ ဦးခွန်ထွန်းဦး ပြောကြား
2015.09.04

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးမှသာ မိမိအနေနဲ့ အသိသက်သေအဖြစ် လက်မှတ်ထိုးမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး က ဒီနေ့ ပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဟိုးတုံရပ်ကွက်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်လှစ်ပွဲမှာ NCA ချုပ်ဆိုမှာနဲ့ ပတ်သက်ပြီး RFA ရဲ့ မေးမြန်းမှုကို ဦးခွန်ထွန်းဦးက ဖြေကြားခဲ့တာဖြစ်ပါတယ်။
"လက်မှတ်ထိုးမယ့်စာချုပ်ကြီးဟာ တစ်နေ့ကျလို့ရှိရင် သမိုင်းဝင်သွားမယ်၊ ကျနော်က တိုင်းရင်းသားတွေ ယုံကြည်ခံရတဲ့အနေနဲ့ ကိုယ်စားပြုတဲ့အနေနဲ့ ဖိတ်မယ်ဆိုရင်တော့ အကုန်လုံးမပါရင် ပွင့်ပွင့်လင်းလင်း ပဲပြောလိုက်မယ် ကျနော်ကတော့ သမိုင်းတရားခံ မဖြစ်ခံချင်ဘူး၊ မပြည့်စုံဘဲနဲ့ လက်မှတ်သွားထိုးရမယ် ဆိုရင် မထိုးဘူး၊ အဲ့ဒါကြောင့် ကျနော်ကတော့ ထိုးဖို့အစီအစဉ်မရှိဘူး"
လာမယ့် ရွေးကောက်ပွဲမှာ SNLD ပါတီက ကချင်ပြည်နယ်ကနေ ၁ဝ ဦး ယှဉ်ပြိုင်မှာဖြစ်ပြီး ရှမ်း၊ ကယား၊ မန္တလေး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်။
ဦးခွန်ထွန်းဦးဟာ လူငယ်တွေကို ဦးစားပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်ဘူးလို့လည်း သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်မှာ အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်ကို လာရောက်တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။