ကချင်ပြည်နယ်အတွင်း တင်းမာမှုတွေ ပိုဖြစ်နေ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို နမ္မတီးဘက်ကို ပြောင်းနေကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

2012.05.28
KIA_kachin_laiza_305_z.jpg ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ
Photo: Kachin News Group

ဖားကန့်ဒေသမှာ စနေနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တပ်စွဲထားတဲ့ ခလရ (၁၆) က စစ်သည် (၉၀) လောက်ကို ဒေသခံ ရှမ်းစုရွာသားတွေက နေ့စဉ် ထမင်းထုတ် ပို့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားမှု မရှိဘူးလို့ ဆိုပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ်နဲ့ အိန္ဒိယနယ်စစ်အနီး ချီဗွေယံ-နမ့်ယွန်းဒေသမှာ လွန်ခဲ့တဲ့ (၆) ရက်လောက် ကစလို့ ဒေသခံ အာဏာပိုင်တွေက မော်တော်ကားတွေကို အဓမ္မ ချောဆွဲနေတဲ့အတွက် ကားပိုင်ရှင်တွေ အခက်အခဲ တွေ့နေတယ်လို့ သိရပါတယ်။

မောင်းလို့မရတော့တဲ့ စစ်တပ်သုံးကားတွေကို မြစ်ကြီးနားမြို့ကို ပို့ဆောင်ဖို့အတွက် နမ့်ယွန်းအခြေစိုက် ခမရ (၁၂၆) က ခေါ်ယူ ခိုင်းစေနေတာလို့ ကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အလားတူ လားရှိုး မူဆယ် ကားလမ်းကို ဒီကနေ့ ပိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတည်ပြုချက် မရရှိပါဘူး၊။ ဒီကားလမ်းတလျှောက် KIO တပ်မဟာ ၄ က ပစ်ခတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မူတွေ ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မဟာ ၄ က အရာရှိတစ်ဦးကို မေးကြည့်ရာမှာ အစိုးရ စစ်သားတွေဟာ အရပ်သားကားတွေ သုံးနေတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ စစ်သားတွေက အရပ်ဝတ်စုံတွေနဲ့ အရပ်ကား ဒိုင်နာတို့၊ ကုန်တင်ကားတို့မှာ စီးသလိုလို ဘာလိုနဲ့ ရုတ်တရက် လမ်းမှာ သူတို့ကြိုက်တဲ့နေရာမှာ ဆင်းပြီး ကြိုက်တဲ့နေရာကနေဝင်ပြီး ကျွန်တော်တို့ကို ဝင်ဝင်တိုက်တာကိုး။ ဒီလိုအကြောင်းကြောင့် ကျွန်တော်တို့တပ်မတော် ရင်း ၉ တွေ၊ ရင်း ၂ တွေအတိုက်ခံနေရတယ်”

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်ကို တရားဝင် မေးမြန်းခွင့်မရသလို KIO ဘက်ကိုလည်း တရားဝင် မေးမြန်းခွင့် မရရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။